မော်လမြိုင်၊ ဇူလိုင် ၉
မွန်ပြည်နယ်မှာ စက်သုံးဆီ တင်းသွင်းသိုလှောင်ဖြန့်ဖြူးခွင့်ရရှိထားတဲ့ ရာဇာမင်း ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးကို ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ ၅ သိန်း ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရာဇာမင်း ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးဟာ စက်သုံးဆီတွေကို တရားမဝင် မှောင်ခိုရောင်းချမှုကြောင့် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုများ ဥပဒေ ပုဒ်မ (၅) အရ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဦးညီညီထွေးကိုတော့ မော်လမြိုင်မြို့နယ်တရားရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပြီး ကျန်တဲ့ အမှု နှစ်ခုအတွက် တရားဆက်လက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ရာဇာမင်း ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးဟာ အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲအတွင်း စက်သုံးဆီတွေကို တရားမဝင် မှောင်ခိုရောင်းချမှုကြောင့် အမှု ၃ မှုနဲ့ တရားစွဲခံထားရတာပါ။
ဦးညီညီထွေးဟာ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စက်သုံးဆီ ရောင်းချမှု၊ မှောင်ခိုတင်ပို့ရောင်းချမှုအပါအဝင် နယ်စပ်ဖြတ်ကျော် စက်သုံးဆီ ရောင်းချမှုတွေနဲ့ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဦးညီညီထွေးဟာ အရင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း၊ လက်ရှိ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့နဲ့ ပူးပေါင်းပြီး ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်းရောင်းချခွင့် ရရှိမှုအပေါ် စိတ်ကြိုက်ခြယ်လှယ်ခဲ့သူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာလည်း မွန်ပြည်နယ်ဟာ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာခဲ့ပေမယ့် ပြည်သူတွေဟာ တခြား တိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် စက်သုံးဆီကို ဈေးပိုပေးပြီး ဝယ်ယူသုံးစွဲနေရပါတယ်။
မွန်ပြည်နယ်မှာ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က ကျင်းပတဲ့ ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က မေးခွန်းမေးမြန်းခဲ့ပေမယ့် စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က တိကျတဲ့ အဖြေမပေးနိုင်ခဲ့ပါဘူး။
အလားတူ မွန်ပြည်နယ်အတွင်းမှာ စက်သုံးဆီ တရားမဝင် မှောင်ခိုရောင်းချမှုကြောင့် စွမ်းမြန်မာစက်သုံးဆီ ဆိုင်ပိုင်ရှင် ဦးစိန်တင်၊ မိဘမေတ္တာစက်သုံးဆီဆိုင် ပိုင်ရှင် ဦးမြင့်ဇော်ဦး၊ မင်းသန့်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးလှဝင်းခိုင်တို့ကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုများ ဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

