မြဝတီ၊ ဇူလိုင် ၁၀
ကရင်ပြည်နယ် မြဝတီမြို့မှာ ရပ်ဝေးဒေသတွေကနေ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား လူငယ်တွေအပေါ် ပစ်မှတ်ထားပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ဟာ ညစဉ်ညတိုင်း ကင်းလှည့်စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး မြဝတီနယ်ခံမဟုတ်တဲ့သူတွေ၊ မသင်္ကာတဲ့သူတွေနဲ့ ရွှေ့ပြောင်းလုပ်သား လူငယ်တွေကို ပစ်မှတ်ထားကာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတာပါ။
အထူးသဖြင့် မြဝတီမြို့ခံမဟုတ်ဘဲ ရပ်ဝေးက အလုပ်လာလုပ်နေကြတဲ့ ရွှေ့ပြောင်းလူငယ်အလုပ်သမားတွေအပေါ် ပစ်မှတ်ထားကာ စစ်တပ်က ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြဝတီမြို့ခံတွေက ဆိုကြပါတယ်။
ဒီရက်ပိုင်းထဲမှာပဲ မြဝတီမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်အဖွဲ့က ရွှေ့ပြောင်းလုပ်သား လူငယ်တချို့ကို ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ထည့်သွင်းမှု ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ မြဝတီမြို့ခံတစ်ဦးက ဆိုပါတယ်။
ဒီနှစ်စပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ပေါ်မှာ တစ်လလျှင် လူငယ် အနည်းဆုံး ၁၀ ဦးထက်မနည်း စစ်တပ်ရဲ့ ဖမ်းဆီးခံနေရပြီး စစ်မှုထမ်းထဲ ဖမ်းဆီးခေါ်ဆောင်ခံနေရတာဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ လူငယ်လူရွယ်တွေကို လိုက်လံဖမ်းဆီးမှုတွေ ပိုမိုများပြားလာကာ ဖမ်းဆီးရမိတဲ့ လူငယ်တွေကို စစ်မှုထမ်း သင်တန်းတွေထံ ပို့ဆောင်နေတာပါ။
စစ်မှုထမ်းသင်တန်း အပတ်စဉ်တိုင်းအတွက် ကရင်ပြည်နယ်က လူငယ် ၁၀၀ ကျော် ပါဝင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ မြဝတီမြို့ပေါ်အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ အာရှလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသွားကားတွေကို စစ်ဆေးပြီး စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

