မော်လမြိုင် ၊ ဇူလိုင် ၁၀
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းအစိုးရက သူတို့ရဲ့ တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ် မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုတွေကို တစ်ခုပြီးတစ်ခု ဖယ်ရှားရှင်းလင်းလာနေပါတယ်။
တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံ့အာဏာကို ဆက်လက်ရယူပြီးနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို ဘဝင်မကျ ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ ဇွန်နဲ့ အခုလအတွင်း မွန်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ရှိတဲ့ မြို့နယ်တွေအတွင်း စိုက်ထူထားတဲ့ ဗိုလ်ချုပ်ရုပ်ထု ရှစ်ခုထက်မနည်း ဖယ်ရှားခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ဒါ့အပြင် အာဏာသိမ်းကာလ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်မှာလည်း နေပြည်တော်အပါအဝင် မန္တလေးတိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ရှိတဲ့ မြို့နယ်တချို့က ဗိုလ်ချုပ်ရုပ်ထု လေးခုကိုလည်း စစ်ကောင်စီက ဖယ်ရှားခဲ့ပါသေးတယ်။
ထူးခြားချက်အနေနဲ့ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ရုပ်ထုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စိုက်ထူထားတာဖြစ်လို့ သမိုင်းကို ဖျောက်ဖျက်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က NLD ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ထောက်ခံသူတွေကို ဦးတည်ပြီး တိုက်ခိုက်တာဖြစ်သလို ဗေဒင်ယတြာအရလည်း ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုလောလောဆယ် အနေအထားကတော့ NLD ပါတီ ထောက်ခံသူတွေကိုပဲ ဦးတည်ပြီး တိုက်ခိုက်တဲ့ အနေအထားမျိုး။ ပြီးရင် ပြည်သူတွေ ဘယ်လိုအုံ့ကြွလာမလဲ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အနေအထားမျိုးကို သူတို့တွေ စမ်းသပ်ပြီးတော့ ဖျက်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ကျွန်တော်သိရှိသလောက်ဆိုရင် ကျွန်တော့်ဇာတိမြို့မှာလည်း ဖျက်ခံလိုက်ရတာတွေ ရှိပါတယ်။ တချို့ရုပ်တွေက ကြေးရုပ်တွေဖြစ်သလို တချို့ရုပ်တွေကလည်း ပလာစတာရုပ်တွေ များပါတယ်။ အဲဒီတော့ ကြေးလိုအပ်ချက်ကြောင့်တော့ မဟုတ်ဘူး။ အဓိကတော့ NLD ပါတီရဲ့ လုပ်ဆောင်ချက်တွေကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်တယ်။သို့တည်းမဟုတ် သူတို့ ဖျက်တဲ့ မြို့တွေရဲ့ အနေအထားကို ကြည့်ပြီး ဗေဒင်ယတြာအရလည်း ဖြစ်နိုင်တယ်လို့တော့ ကျွန်တော်က သုံးသပ်ပါတယ်ဗျ”လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီကတော့ ဗိုလ်ချုပ်ရုပ်ထုတွေ ဖယ်ရှားခံနေရတဲ့အပေါ် အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ နိုင်ငံရဲ့ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်းရဲ့ သင်္ကေတနဲ့ အထောက်အထားတွေကို ဖျက်ဆီးနေတဲ့အပြင် ပြည်သူလူထုရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေတာဖြစ်လို့ ဇူလိုင် ၈ ရက်နေ့မှာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားတာပါ။
သခင်အောင်ဆန်း(ခ)ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ထောင်စုကို စုစည်းပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေးဗိသုကာဖြစ်သလို မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်လည်း ဖြစ်တယ်လို့ NLD က ဆိုပါတယ်။ သမိုင်းအစဉ်အလာကောင်းတွေနဲ့ ကိုယ်ကျိုးမဖက် တိုင်းပြည်အကျိုးစီးပွားကိုသာ ရှေးရှုတဲ့ အာဇာနည် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဂုဏ်ဒြပ်တွေ ထုံမွမ်းနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူတွေက ချစ်ခင်လေးစားဂုဏ်ပြုလိုစိတ်နဲ့ နောင်လာနောက်သားတွေအတွက် စံပြုပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်ရုပ်ပုံလွှာတွေကို အမျိုးသားရေးသွင်ပြင် လက္ခဏာနဲ့ မြန်မာ့သမိုင်းရဲ့ သင်္ကတအဖြစ် အထွတ်အမြတ်ထားရှိကြတာလို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ပြည်သူတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားမှုအပေါ် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး လက်ရှိ စစ်အာဏာရှင်က ပုဂ္ဂိုလ်ရေးအရ စိတ်ခြောက်ခြားမှုတွေ ဖြစ်စေတာကြောင့် ဖယ်ရှားတာလို့ ဝေဖန်ပါတယ်။
“လက်ရှိ အာဏာသိမ်းထားတဲ့ မအလက ဗိုလ်ချုပ်ရုပ်ထုတွေကို ဘာကြောင့်ဖျက်လဲဆိုတော့ အာဏာရှင်တွေရဲ့ သဘောသဘာဝကတော့ သူတို့ကို စိတ်ခြောက်ခြားစေတဲ့ ခေါင်းဆောင်တွေရဲ့ ရုပ်ထုကို မြင်တာနဲ့ သူတို့ဘာသာ သူတို့ ခြောက်ခြားနေတဲ့အခါကျတော့ အရှေ့က အာဏာရှင် ဦးနေဝင်းတို့ ဦးသန်းရွှေတို့လည်း အဲဒီအတိုင်းပဲ လုပ်ခဲ့တာပဲ။ အခုမအလလည်း စိတ်ခြောက်ခြားနေတာပေါ့၊ သူ့သမီးကိုလည်း (ဒေါ်အောင်ဆန်းစုကြည်) မတရားလုပ်ထားတယ်။ နောက် သူတို့ တပ်မတော်ရဲ့ ဖခင်ကြီး ဖြစ်နေတဲ့ ဗိုလ်ချုပ်ရုပ်ထုတွေကို မြင်တာနဲ့ စိတ်ခြောက်ခြားနေခြင်းက စိတ်ရောဂါအထူးကုနဲ့ ပြမှရမယ့် ပုံစံမျိုး ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။
ရုပ်ထုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ဒြပ်တွေကို အလေးဂရုပြု တန်ဖိုးထားတဲ့အနေနဲ့ လူထုရဲ့ ဆန္ဒနဲ့အညီ ပြည်သူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ထည့်ဝင်ငွေတွေနဲ့ ဗိုလ်ချုပ်ရုပ်ထုတွေ တည်ဆောက်ရေးမှာ ဥပဒေပါ စည်းမျဉ်းစည်းကမ်း လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ပူးပေါင်းပါဝင်ခဲ့တယ်လို့ NLD ပါတီက အသိပေးထားတာပါ။
အခုအခါမှာ စစ်အာဏာရှင်နဲ့ လက်ပါးစေတို့က စစ်တပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဝန်ထမ်းတွေနဲ့ ညအမှောင်ကို အကာအကွယ်ယူပြီး အများပြည်သူပိုင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို နေရာဒေသအနှံ့အပြားမှာ နေ့စဉ်ဖြိုချဖျက်ဆီးနေတာ ဖြစ်ပါတယ်။
အဲဒီလုပ်ရပ်အပေါ် ညွှန်ကြားသူတွေနဲ့ ပူးပေါင်းပါဝင်သူတွေဟာ မြန်မာ့သမိုင်းရဲ့ သင်္ကေတ အထောက်အထားတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေတာဖြစ်လို့ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လုပ်သွားမယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက အသိပေးထားတာပါ။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးချုပ်အဆောက်အအုံမှာရှိတဲ့ ပါတီဆိုင်းဘုတ်နဲ့ အလံကို စစ်အစိုးရရဲ့ လက်ပါးစေတွေက ည ၁၀ နာရီလောက်မှာ လာရောက်ဖြုတ်သိမ်းခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

