နေပြည်တော် ၊ ဇူလိုင် ၁၁
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံကနေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကနေ ကိုယ်စားလှယ်တွေက ဆွေးနွေးငြင်းဆန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်နှောင်းပိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က အာဆီယံဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
ဒီအပေါ် ဇူလိုင် ၂ ရက် ၇ ရက်နဲ့ ၉ ရက်တို့မှာ ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ် အယောက် ၃၀ တို့က ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေကနေ သိရပါတယ်။
ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်ထဲမှာ မိမိတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ငြင်းဆန်ရတာက စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်းမဟုတ်ဘဲ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်မဟုတ်ဘဲ အလှည့်ကျ ဥက္ကဌရဲ့ နောက်ဆက်တွဲထုတ်ပြန်ချက်ဖြစ်ပြီး အာဆီယံအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်တာ ဖိအားပေးတာနဲ့ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားတယ်လို့ ကိုယ်စားလှယ်အများစုက စွပ်စွဲထားကြတာပါ။
ဒါ့အပြင် အဲဒီဘုံသဘောတူညီချက် ၅ ရပ်က လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ ကိုက်ညီမှု မရှိတာနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ အခုထက်ထိ စစ်အစိုးရဘက်က ခေါင်းဆောင်တွေ တက်ရောက်ခွင့် မရတာတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှု အခြေအနေတွေကို အာဆီယံနိုင်ငံတွေ အာဆီယံခေါင်းဆောင်တွေက ပိုမိုသိရှိ နားလည်သဘောပေါက်နိုင်စေဖို့ အထူးအလေးထားပြီး ထိမိသေချာစွာ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အာဆီယံအနေနဲ့ အလုပ်မဖြစ်တော့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်ပြီး အမြင်သစ်နဲ့ ထိတွေ့ချဉ်းကပ်မှုအသစ်တွေကို ပြောင်းလဲကျင့်သုံးချိန်တန်ပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုပြုခဲ့ကြတာပါ။
လေ့လာသူတွေကတော့ ဒါဟာ အချိန်ကိုက် စနစ်တကျ သေချာစီစဉ်ထားတဲ့ ဇာတ်ညွှန်းသာဖြစ်လို့ ဘာမှ အနှစ်သာရရှိမှာ မဟုတ်သလို နိုင်ငံရေးတရားဝင်မှု ဆုံးရှုံးနေတဲ့အပေါ် ဇာတ်ကြောင်းပြောင်းပြန်ဖော်ဖို့ ကြိုးပမ်းတာလို့ ဝေဖန်ထောက်ပြပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ဟာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တာပါ။
အဲဒီအချိန်တုန်းက အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ရေးထိုး သဘောတူခဲ့ပေမယ့် လက်တွေ့မှာတော့ အကောင်အထည်ဖော် လိုက်နာခြင်း မရှိခဲ့တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ကို ဒီကနေ့အထိ ပိတ်ပင်ခံထားရတာပါ။
ဘုံသဘောတူညီချက်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးရေး၊ ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကြားဝင်ညှိနှိုင်းပေးနိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယကကတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို အစည်းအဝေးမှာ အတည်ပြုကြေညာခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေးထားတာပါ။
တစ်ဘက်မှာ လာမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ စစ်တပ်အသွင်ပြောင်းအစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိနေတဲ့အပေါ် ချိန်ကိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က တစ်ကမ္ဘာလုံးက နိုင်ငံ့ခေါင်းဆောင်တွေကို အသိအမှတ်ပြုထားကြတဲ့ UN မှာ စစ်အစိုးရက ကိုယ်စားလှယ် နေရာရဖို့ အာဆီယံရဲ့ သဘောထားက အရေးပါတယ်လို့ သုံးသပ်ပါတယ်။
“မြန်မာပြည်ရဲ့ အထူးသဖြင့် UN နေရာကလည်း အရေးကြီးတယ်လေ။ လက်ရှိအထိတော့ UN မှာ တစ်ကမ္ဘာလုံး ခေါင်းဆောင်တွေ အသိအမှတ်ပြုထားကြတဲ့နေရာမှာ အတိုက်အခံ ဦးဝင်းမြင့်နဲ့ဒေါ်စု ဦးဆောင်တဲ့ အစိုးရအတွက်ပဲ ပေးထားရသေးတာကိုး။ အဲဒီနေရာကို သူတို့က (စစ်အစိုးရ) အတင်းကို ပြန်ချိန်နေတာ။ သေချာတာက အာဆီယံရဲ့ အနည်းဆုံး လူရာဝင်မှုကတော့ အရေးပါလာလိမ့်မယ်။ အာဆီယံရဲ့ သဘောထားက အရေးကြီးတယ်။ အဲဒီလိုပဲ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ကနေဒါ အနောက်အုပ်စုနဲ့ EU ကလည်း အာဆီယံအပေါ်မှာ အများကြီး မှီတည်နေတဲ့အတွက် မြန်မာစစ်တပ် စစ်အစိုးရကတော့ အာဆီယံကို ခွေးတံခါးကနေပဲ တက်ရ တက်ရ ဘယ်လိုဖြစ်ဖြစ် ရအောင် တက်ဖို့အတွက် ကြိုးစားမယ်”လို့ ဆိုပါတယ်။
ကိုယ်စားလှယ်တချို့ကတော့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့အနေနဲ့ မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံမှု ဆက်လက်လုပ်ဆောင်နေရင် မြန်မာတို့ရဲ့ အမျိုးသားရေးဂုဏ်သိက္ခာအရ အာဆီယံအဖွဲ့ကနေ နုတ်ထွက်ဖို့ လိုအပ်ခြင်း ရှိ၊ မရှိ ထည့်သွင်းစဉ်းစားကြဖို့ကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
မိမိတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့သာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေး အကျိုးစီးပွားတွေကို ဆက်လက်ကာကွယ်စောင့်ရှောက်ဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်က ဦးလှဆွေကတော့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ နိုင်ငံရေးအရ တိုက်တွန်းချက် မျှသာဖြစ်လို့ မလိုက်နာရင် အစည်းအဝေး မတက်ရဆိုတဲ့ ကန့်သတ်ချက် လုံးဝ ပါဝင်ခြင်းမရှိဘူးလို့ ဆွေးနွေးခဲ့တာပါ။
ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နုတ်ထွက်စရာမလိုဘဲ အစည်းအဝေးပြီးမှ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်တဲ့အတွက် ဖိလစ်ပိုင်ကသာ ပဋိညာဉ်ကို ချိုးဖောက်တာကြောင့် အာဆီယံကနေ နုတ်ထွက်သင့်တယ်လို့ သူက ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့အပေါ် ဦးလှဆွေက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကတော့ ရွေးကောက်ခံအစိုးရတက်ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ပျော့ပျောင်းတဲ့ ဆက်ဆံမှုတွေ အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာတယ်လို့ ဆိုပါတယ်။
မဝေးတော့တဲ့ အနာဂတ်မှာ အာဆီယံအတွင်း မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိသွားမယ်လို့ ယုံကြည်ကြောင်းနဲ့ အဲဒီလို ပြန်ရဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

