ကျိုက်မရော ဇူလိုင် ၁၁

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ညှဉ်းပန်း နှိပ်စက်မှုနဲ့ လူ့အခွင့်အ‌ရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် PPNM က ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထောင်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကျိုက်မရော ဗဟို အကျဉ်းထောင်ရှိ အမျိုးသား အိပ်ဆောင် ၃ မှ နိုင်ငံရေးအကျဉ်းသား ဟိန်းဇော်အောင်၊ ဝေယံလင်းနဲ့ ဝင်းမင်းထွန်းတို့ သုံးဦးကို နှိပ်စက်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားတာပါ။

အခုလို နှိပ်စက်ရတာဟာ လုံခြုံရေးကင်မရာ CCTV မှာ ဘုရားစင်ဘက်ကို ခြေထောက်ပေးထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ဦးချင်း တိုက်ပိတ်တာ၊ တိုက်ပိတ်ထားချိန် ရိုက်နှက်တာ အပြင် နေပူထဲမှာ ပုံစံမောင်းစေတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် တိုက်ပိတ်ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စောင်၊ အခင်းနဲ့ အခြေခံ အသုံးအဆောင်တွေ မပေးဘဲ အချိန် အကန့်အသတ် မရှိ ထားလေ့ရှိပြီး ဒီနေ့အထိ ပုံမှန် အဆောင်ကို ပြန်လည် ပို့ဆောင်တာ မရှိသေးဘူးလို့ PPNM က ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကတော့ လက်ရှိ ကျိုက်မရောထောင်က တာဝန်ရှိသူတွေဟာ စစ်တပ်က အသွင်ပြောင်းတွေ ဖြစ်တာကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်မှတ်ထား ညှဉ်းပန်း နှိပ်စက်တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုထောင်ပိုင်ကြီးက ကျတော့ သူက အသွင်ပြောင်းကြီး၊ စစ်တပ်က ဗိုလ်မှူး ဘဝက နေပြီးတော့ ကျိုက်မရောမှာ လာပြီးတော့ ထောင်ပိုင်ကြီး ဖြစ်နေတာပေါ့၊ ဒုထောင်ပိုင်ကလည်း စစ်တပ်ကပဲ ဦးစီးလည်း စစ်တပ်ကပဲ ဆိုတော့ ရှင်းရှင်း ပြောရင်တော့ သူတို့ အုပ်ချုပ်ထားတဲ့ စစ်တပ် အသွင်ပြောင်းတွေ အုပ်ချုပ်တဲ့ အခါကျတော့ တခြား အကျဉ်းသားတွေအပေါ်မှာ အရင်တုန်းက ညှဉ်းပန်း နှိပ်စက်မှု များခဲ့တယ်၊ ဒါပေမယ့် အခုက ပြောင်းပြန် ဖြစ်သွားပြီ၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်မှတ်ထားတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပေးပို့တဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကိုလည်း ကြားဖြတ် ခိုးယူတာ ရှိသလို တချို့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ထောင်ဝင်စာ ပိတ်တာတွေကအစ အနိုင်ကျင့်တာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

PPNM ရဲ့ ထုတ်ပြန်ချက်အရ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရဲ့ အိပ်ဆောင် ၃ ကို ရောက်ရှိလာတဲ့ နိုင်ငံရေး အကျဉ်းသား အသစ်တွေကိုလည်း အလုပ်ဘုတ်ကိုင်သူ သူရိန်ပြည့်ဖြိုး ဆိုသူက မိလ္လာ သန့်ရှင်းရေးလုပ်ငန်းကို အတင်းအကျပ် ဖိအားပေး ခိုင်းစေနေတယ်လို့ သိရပါတယ်။

ထောင်အာဏာပိုင် ဖြစ်တဲ့ ထောင်ပိုင် ချမ်းအေးကျော်က ထောင်ဝန်ထမ်းတွေကို “ရိုက်သာရိုက်၊ တစ်ခုခု ဖြစ်ရင် ငါရှင်းပေးမယ်”လို့ ညွှန်ကြား ပြောဆိုတာရှိသလို မွန်ပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးကလည်း “အကျဉ်းသားတွေ သေရင် စာရွက် တစ်ရွက်ပဲ ကုန်တယ်”လို့ ပြောဆို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

PPNM က‌တော့ ကျိုက်မရော အကျဉ်းထောင်အတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် စောင့်ကြည့်ပြီး မှတ်တမ်းတင်သွားမှာ ဖြစ်သလို ကျူးလွန်သူတွေ တာဝန်ခံမှု ရှိစေရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းထံ ဆက်လက်တင်ပြသွားမယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.