ဘီးလင်း၊ ဇူလိုင် ၁၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာတာကြောင့် လူဦးရေ ၁၀၀ ကျော်ကို အရေးပေါ် စတင်ရွေ့ပြောင်းထားရတယ်လို့ လူမှုကူညီရေးအသင်းဝင်တွေထံကနေ သိရပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မှာ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်ထိ မြင့်တက်လာတာကြောင့် ရပ်ကွက်အနိမ်ပိုင်းတွေမှာ ရေဝင်လာလို့ လူနေထိုင်လို့မရတော့တဲ့ အမှတ် ၇ ရပ်ကွက်က ပြည်သူတွေကို အရေးပေါ်ရွေ့ပြောင်းထားရတယ်လို့ဆိုပါတယ်။

မိုးက ဆက်လက်ရွာသွန်းနေလို့ ရေထပ်တက်လာနိုင်တဲ့ အခြေအနေမှာရှိနေပြီး မိုးများပါက ဇူလိုင် ၁၀ ရက် ညပိုင်းမှာ စိုးရေရိမ်မှတ်ကျော်လာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြစ်ရေ ရေတက်လာလို့ ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေကို မြို့နယ်အားကစားရုံနဲ့ ဗြမဝိဟာရကျောင်းတိူ့မှာ ယာယီပြောင်းရွေ့ထားပါတယ်။

ကျန်အနိမ့်ပိုင်းနေ ပြည်သူတွေကတော့ ရေအခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ရေထပ်မံတက်လာပါက ရွေ့ပြောင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ဟာ ၁၀၂၂ စင်တီမီတာရှိပြီး စစ်အစိုးရရဲ့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေဟာ ၉၆၅ စင်တီမီတာကို ရောက်ရှိနေပါတယ်။

ဘီးလင်းမြစ်ရေဟာ နောက် ၂၄ နာရီအတွင်း ၁၀၀၀ စင်တီမီတာသို့ ရောက်ရှိလာနိုင်ပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလ ဌာနက ခန့်မှန်းထားပါတယ်။

ဘီးလင်းမြစ်ဟာ ရွေမျှောတွေကနေ စွန့်ပစ်လိုက်တဲ့ နုန်းအနည်နှစ်တွေကြောင့် မြစ်ကြောင်း တဖြည်းဖြည်း ကောလာလို့ နှစ်စဉ် ရေကြီးမှုဖြစ်ပေါ်နေပြီး အိုးအိမ်တွေနဲ့ ကောက်ပဲသီးနှံတွေ ရေမြုပ်ပျက်စီးတာတွေကို ကြုံတွေ့နေရတဲ့အပြင် တချို့နှစ်တွေမှာဆိုရင် လူသေဆုံးတာတွေအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.