ရေဖြူ၊ ဇူလိုင် ၁၀
တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်က ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးထားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၇၀၀ လောက်ပါတဲ့ စစ်တပ် စစ်ကြောင်းဟာ ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းကစလို့ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။
အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ လမ်းမှာတွေ့ရှိသမျှ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးပြီးနောက် အဲဒီထဲက အမျိုးသား ၃၀ ကျော်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်းဟာ လက်ရှိအချိန်ထိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ခမောက်ချောင်းကျေးရွာထဲမှာ ယာယီတပ်စွဲထားပြီး ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုတော့ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်တပ်က စစ်ကြောင်းထပ်ထိုးလာတာကြောင့် ဝက်ချောင်း၊ ခမောက်ချောင်းနဲ့ ဧကနိကျေးရွာတို့က ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာထဲ စစ်ကြောင်းထိုးမှုဟာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ မြိတ်ခရီးစဉ်မှာ မဟာဗျူဟာမြောက် စီမံကိန်းတွေကို လုံခြုံရေး စီမံရမယ်ဆို့ ညွှန်ကြားချက်ကြောင့် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ရှိ မူးဒူးကျေးရွာထဲကို အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၂၀၀၀ ကျော် တိမ်းရှောင်ခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်

