ဘီးလင်း၊ ဇူလိုင် ၁၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တက်တူးကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်က နေအိမ် ဆယ်နဲ့ချီ မီးရှို့ဖျက်ဆီးသွားတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့နဲ့ ၆ ရက်နေ့တို့မှာ တက်တူးကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ တက်တူးကုန်းကျေးရွာက ဒေသခံ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးနောက် နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲအတွင်း ကုန်တင်ယာဉ်မောင်း တစ်ဦးနဲ့ တက်တူးကုန်းကျေးရွာ ဒေသခံ တစ်ဦးကို ရိုက်နက်ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေးပါဘူး။
နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က ဗိုလ်ကြီး တစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် အခုလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ် လော်ဘီတွေကတော့ တက်ကူးကုန်းကျေးရွာမှာ ကရင်အမျိုးသားအစည်းအရုံး KNU/PDF တို့ရဲ့ အကာအကွယ် ယူပြီး လုပ်ဆောင်နေတဲ့ တရားမဝင် ကုန်သိုလှောင်ရုံတစ်ခုကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုး အမိန့်အရ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီစီးနင်းမှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်နေတဲ့ ကုန်တင်ယာဉ် အစီး ၃၀ ထက်မနည်း ဖမ်းဆီးနိုင်ခဲ့ပြီး ယာဉ်ပိုင်ရှင်တွေနဲ့ ကုန်ပစ္စည်း သယ်ဆောင်သူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
KNU သထုံခရိုင်ဘက်ကတော့ တက်တူးကုန်းကျေးရွာမှာ ကုန်သွယ်ရေး ဂိတ်စခန်း ထားရှိထားတာ မရှိကြောင်းနဲ့ အဲဒီနေရာဟာ မြို့တွင်းသို့ ကုန်ပစ္စည်းတွေ သယ်ဆောင်ရာမှာ လမ်းအခြေအနေကို စောင့်ကြည့်တဲ့ နေရာ တစ်ခုသာ ဖြစ်ပြီး စစ်တပ်ဘက်က မကြာခဏဆိုသလို ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

