နေပြည်တော် ၊ ဇူလိုင် ၉
အာဏာသိမ်း သမ္မတကနေ ပေးပို့ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဥပဒေပြုနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဇူလိုင် ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တတိယကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နာယကက ကြေညာခဲ့ပါတယ်။
ဇူလိုင် ၁ ရက်နေ့ ရက်စွဲနဲ့ စစ်တပ် အသွင်ပြောင်းအစိုးရရဲ့ နိုင်ငံတော်သမ္မတရုံးကနေ ပြည်ထောင်စုလွှတ်တော်နာယကကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်ကို သဝဏ်လွှာပေးပို့ခဲ့တာပါ။
အဲဒီထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)နဲ့ သက်ဆိုင်တဲ့ အချက် ၁၆ ချက် အပါအဝင် ပုဒ်မ ၄၃၆ (ခ)နဲ့ သက်ဆိုင်တဲ့ အချက် ၂၇ ချက်ပါဝင်ပြီး သဝဏ်လွှာမိတ္တူကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက်တွေထဲက ဘယ်လိုအကြောင်းအရာတွေ ပါဝင်လဲဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ အသွင်ပြောင်းစစ်အစိုးရဘက်က အသိပေးကြေညာထားတာ မရှိသေးပါဘူး။
ပုဒ်မ ၄၃၆ (က) နဲ့ သက်ဆိုင်တဲ့ အချက်တွေကို လေ့လာကြည့်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၁ မှာပါရှိတဲ့ နိုင်ငံတော်ရဲ့ အခြေခံမူတွေ နဲ့ အခန်း ၂ က နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံမှာ ထည့်သွင်းထားတဲ့ ပြဌာန်းချက်တွေအားလုံး ပါဝင်ပါတယ်။
အခန်း ၃ မှာတော့ သမ္မတနဲ့ ဒုသမ္မတတွေရဲ့ အရည်အချင်းသတ်မှတ်ချက်နဲ့ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေဖြစ်ပြီး ကျန်တဲ့ အခန်း ၄ ၊ ၅ နဲ့ ၆ မှာ ပါတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွေနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေအားလုံးကို အခန်း ၁၁ မှာ ထည့်သွင်းထားပြီး အခန်း ၁၂ မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ သက်ဆိုင်တဲ့ နည်းလမ်းတွေ ပြဌာန်းချက်တွေ ပါဝင်တာ တွေ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းကို တင်သွင်းရမှာဖြစ်ပြီး အဲဒီကနေ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် အဲဒီပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမှာပါ။
ပုဒ်မ ၄၃၆ (က) အရ ဖော်ပြထားတဲ့ ပြဌာန်းချက်တွေကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပလို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် မဲနဲ့သာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
၄၃၆ (ခ) မှာတော့ ပုဒ်မခွဲ (က) မှာ ဖော်ပြထားတဲ့ ပြဌာန်းချက်တွေကလွဲရင် တခြားပြဌာန်းချက်တွေကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ဖော်ပြထားတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ကြိုးပမ်းခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေရဲ့ ဥက္ကဌအများစုနဲ့ ကော်မတီဥက္ကဌတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီကသာ ကြီးစိုးနေတာပါ။
ဒါ့အပြင် ရွေးကောက်ခံစရာမလိုတဲ့ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအပြင် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း တပ်အငြိမ်းစားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ အသွင်ပြောင်းစစ်အစိုးရကနေ ဖိတ်ခေါ်ထားတဲ့ ရက် ၁၀၀ စီမံချက်ထဲက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးနဲ့ တိုက်ဆိုင်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၃ ချက်ကို သမ္မတရုံးကနေ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့တင်ပြထားတာပါ။
သမ္မတရုံးရဲ့ သဝဏ်လွှာပေးပို့ချက်အရ စစ်တပ်ရဲ့ အာဏာသိမ်းမှုအတွင်း စစ်ကောင်စီလက်ထက်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီ သုံးခုကို ဖွဲ့စည်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီ ဥက္ကဌ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါကြောင့် အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့ကို ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီက ၂၈ ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့တဲ့အပြင် နိုင်ငံရေးပါတီများ အစုအဖွဲ့နဲ့လည်း ၁၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာပါ။
အဲဒီတွေ့ဆုံဆွေးနွေးမှုတွေကနေတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းရရှိခဲ့တဲ့ ၂၁ ချက်အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

