နေပြည်တော် ဇူလိုင် ၉
နိုင်ငံ ဖွံ့ဖြိုးရေးမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုဟာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းပင် ဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ဝန်ခံလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ သူ့ရဲ့လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို အခုလို ဝန်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဟာဆိုရင် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ရတာဟာ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတတာနဲ့ ကုန်ထုတ်လုပ်မှု စရိတ် မြင့်မားတာတွေကြောင့် ဖြစ်တယ်လို့လည်း အာဏာသိမ်း သမ္မတက ပြောပါတယ်။
အခုလို ကုန်ထုတ်လုပ်မှု စရိတ် ကြီးမြင့်ရတာဟာလည်း ငွေကြေး တန်ဖိုး ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ပြီး အဲ့ဒါကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု မြင့်မားစေရေးအတွက် ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းရှင် တစ်ဦးကတော့ လက်ရှိ ကုန်ဈေးနှုန်းတွေ ကြီးမြင့်ရတာဟာ စစ်အစိုးရက တင်သွင်းခွင့်တွေ ပိတ်ဆို့ထားတဲ့အပြင် ငွေကြေး ဖောင်းပွတာကြောင့် ဖြစ်ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှု မြင့်မားစေဖို့ ပြောပေမယ့် ကုန်ကြမ်းတွေ သွင်းခွင့် မပြုတာကြောင့် ထုတ်ကုန် တိုးမြှင့်ဖို့ မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူအားလုံးကို ပိတ်ဆို့ ထားတယ်၊ ဒီဝင်ခွင့်တွေ တင်သွင်းခွင့်တွေ အားလုံး ပိတ်ထားတာ ဖြစ်တဲ့ အတွက်လေ ဟိုပေါ့ တရားဝင်မှုကို ခွင့်မပြုတဲ့ အတွက်ကြောင့် တရားမဝင် ဝင်ရတာ ဖြစ်တဲ့အတွက် အဲဒါလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုပဲ၊ နောက်တစ်ခုကလည်း ငွေကြေး အကြီးအကျယ် ဖောင်းပွမှုပေါ့၊ တချို့ဟာတွေက အခြေခံ ကုန်ကြမ်းတွေ အားလုံး နိုင်ငံခြားက တင်သွင်းရတာ ဖြစ်တယ်၊ အဲဒီ တင်သွင်းခွင့်တွေ အားလုံး ကန့်သတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းမှာ ဘာကို သွားထုတ်လို့ ရမှာလဲ၊ ဘယ်လိုမှ ထုတ်ကုန်ကို တိုးမြှင့်ပြီး ထုတ်နိုင်ဖို့ မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်း ကျဆင်းစေဖို့အတွက် ဆိုရင် မလိုလားအပ်တဲ့ မူဝါဒတွေနဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ လိုအပ်သလို လုံခြုံရေး အကြောင်းပြပြီး ဖွင့်လှစ်ထားတဲ့ ဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းခံတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ကတော့ ထုတ်ကုန်ပစ္စည်းတွေ တိုးတက် များပြားလာမှသာ ပို့ကုန် ပစ္စည်းတွေ ရရှိပြီး ထို့မှတဆင့် ရရှိတဲ့ နိုင်ငံခြားငွေတွေနဲ့ သွင်းကုန်တွေ တင်သွင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ ဝင်ငွေနဲ့ ထွက်ငွေတွေ မျှတနေမှသာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မှာ ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုတွေ မြင့်မားလာစေရေး ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ တွေကို ကြိုးပမ်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
ပြည်သူ တစ်ဦးကတော့ အာဏာသိမ်း သမ္မတက ကုန်ဈေးနှုန်း လျှော့ချဖို့ ပြောနေပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း အဆမတန် မြင့်တက် လာတာကြောင့် ဆန်လေး နပ်မှန်အောင်သာ ရုန်းကန်နေရသလို စားစရာတွေကိုတော့ အဆင်ပြေအောင် စားနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလိုပဲ အဆင်ပြေအောင် စားကြတယ်၊ အခုက ဆန်ဈေးကတော့ တက်တယ်၊ အန်တီတို့ရဲ့ မိသားစုတွေကျတော့ ဆန်က အဓိကဘဲလေ၊ အဓိကဆိုတော့ ဆန်က အခု ပေါ်ဆန်းမွှေးဆို ၇၀၀၀ ဖြစ်သွားပြီး၊ ဆန်မာဆိုရင်ပေါ့ ၄၀၀၀ ဖြစ်သွားပြီ၊ ဟိုတုန်းကဆို သူက ၃၀၀၀ ပဲ ရှိတယ်၊ ပေါ်ဆန်းမွှေးဆိုရင် ဟိုတုန်းက ၅၀၀၀ ပဲ ရှိတယ်၊ အခုကျတော့ ဒီရက်တွေထဲမှာ တက်တော့ အဓိကကျတော့ ဆန်လေး နပ်မှန်အောင်ပဲ ရုန်းရတာပေါ့၊ စားစရာတွေကျတော့ ဒီလိုမျိုးပဲ အဆင်ပြေအောင် စားကြတာပေါ့” လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ စစ်တပ်က အာဏာသိမ်းပြီး လက်ရှိ စစ်တပ် အသွင်ပြောင်း အစိုးရ လက်ထက်ထိ ၅ နှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်းဟာ အနည်းဆုံး ၅ ဆကနေ ၁၀ ဆ ဝန်းကျင်အထိ တောက်လျှောက် မြင့်တက်လာတာပါ။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ပြီးခဲ့တဲ့ မေလအတွင်းက ထုတ်ပြန်ချက် အရ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ပဋိပက္ခ ဒဏ်ထိခိုက် ခံစားနေရသူတွေ အတွက်တော့ ကုန်ဈေးနှုန်း ကြီးမြင့်လာမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက် ပျက်စီးမှုကြောင့် နေ့စဉ် ရှင်သန် ရပ်တည်ရေးဟာ ပိုပြီး ခက်ခဲ ကြမ်းတမ်းလာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်ထဲ ရောက်ရှိလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ ဆက်လက် မြင့်မားနေဆဲ ဖြစ်သလို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန် ဆောင်ရွက်ရေး အစီအစဉ်အရ လူဦးရေ ၁၆ သန်းဟာ အကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

