မင်းလက်ပံနဲ့ ဖလူးကိုပြန်သိမ်းဖို့ စစ်တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်

မြဝတီ ဇူလိုင် ၉

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်က မင်းလက်ပံနဲ့ ဖလူးဒေသတွေကို သိမ်းပိုက်နိုင်ရေးအတွက် အာဏာသိမ်း စစ်တပ်က BGF ခွဲထွက် DKBA တို့နဲ့ ဇူလိုင် ၈ ရက်နေ့က ထိုးစစ်စတင်ခဲ့ရာ KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က စစ်တပ်က မွန်ပြည်နယ်ကနေ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲကို အင်အားအများအပြား ဖြည့်ဆည်းလာခဲ့ပြီးနောက် ဇူလိုင်လ ပထမအပတ်အတွင်းမှာ မြဝတီမြို့နဲ့ သင်္ဃန်းညီနောင်အခြေစိုက် တပ်ရင်းတွေကနေတစ်ဆင့် လေးကေကော်မြို့သစ်ထဲကို အင်အား ၁၀၀၀ ခန့် ပို့ဆောင်ထားတာဖြစ်ပါတယ်။

ဇူလိုင် ၇ ရက်နေ့ တစ်ညလုံးမှာ စစ်တပ်က ဖလူးနဲ့ မင်းလက်ပံဒေသထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့ပြီး ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က မယ်ဝါးခီးကနေ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲဟာ တစ်နေ့ကုန် အပြင်းအထန် ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေအပြင် ရဲတပ်ရင်းက ရဲတပ်ဖွဲ့တွေပါ ပါဝင်တိုက်ခိုက်နေပေမယ့် စစ်တပ်ဘက်က ထိခိုက်မှုများပြားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်တပ်က မြဝတီမြို့ကို ပြန်သယ်လာနေတယ်လို့လည်း အဲဒီ စစ်ရေးသတင်းရင်းမြစ်က ဖြည့်စွက်ပြောဆိုပါတယ်။

မြဝတီမြို့တောင်ဘက်ဒေသတွေကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် စစ်တပ်နဲ့အတူ စစ်ကြောင်းထိုးတဲ့အထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့က ဗိုလ်မုတ်သုန်ဦးစီးတဲ့ ကရင်နယ်ခြားစောင့်တပ် BGF အမှတ် ၄ တပ်နယ်က တပ်ဖွဲ့တွေ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

ရက် ၁၀၀ စီမံချက်ကာလအတွင်း မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်အနီး ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ မင်းလက်ပံရွာနဲ့ ဖလူးကျေးရွာတွေကို စစ်တပ်က အပြီးတိုက်ခိုက်သိမ်းယူသွားမယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းက ဆိုထားတာပါ။

KNU တပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ မင်းလက်ပံရွာနဲ့ ဖလူးနယ်မြေတွေကို သိမ်းပိုက်ရရှိရေးအတွက် စစ်တပ်ဟာ လနဲ့ချီကြာ စစ်ကြောင်းထိုးတိုက်ခိုက်နေပေမယ့် အထိအခိုက်များပြားပြီး စစ်ရေးရည်မှန်းချက် အောင်မြင်ပေါက်ရောက်မှုမရှိခဲ့ပါဘူး။

အဲဒီအတွက် BGF နဲ့ ခွဲထွက် DKBA အဖွဲ့ကို အကူအညီတောင်းပြီး ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

နယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေကြောင့် ထိုင်းစစ်တပ်ဟာ နယ်စပ်လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ကားတွေနဲ့ ကင်းလှည့်လည်နေတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.