သထုံ၊ ဇူလိုင် ၈
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ရှစ်ဦးမှာ လေးဦး ပြန်လွတ်လာပေမယ့် ကျန်တဲ့ လေးဦးကတော့ သတင်းအစအန ပျောက်နေတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က ဝင်းစိန်ကျေးရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် PDF တွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ရှစ်ဦးကို ဖမ်းဆီးသွားတာပါ။
အဲဒီနောက် စစ်တပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးကို အချိန် နှစ်ပတ်အကြာ စစ်ဆေးမေးမြန်းပြီးနောက် ဇူလိုင် ၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ပြန်လွတ်လာတဲ့ ဒေသခံ လေးဦးဟာ စစ်တပ်ရဲ့ စစ်ကြောရေးမှာ ရိုက်နက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာ အများအပြား ရရှိထားတယ်လို့ ဆိုပါတယ်။
ပြန်မလွတ်လာသေးတဲ့ ဒေသခံ အမျိုးသား လေးဦးကတော့ လက်ရှိအချိန်ထိ သတင်းအစအန ပျောက်ဆုံးနေပြီး မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ သထုံအခြေစိုက် အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေးတပ်က တပ်ဖွဲ့ဝင်တွေဟာ နေအိမ်တွေက ရွှေ၊ငွေ၊ ဆိုင်ကယ်တွေအပါအဝင် တန်ဖိုးရှိ ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စပ္ပနူးကျေးရွာမှာ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ အမျိုးသား တစ်ဦးဟာ တစ်ရက်မပြည့်ခင်မှာပဲ ရိုက်နက်နှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ ရွာခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

