နေပြည်တော်၊ ဇူလိုင် ၈

လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် တိုင်းနဲ့ပြည်နယ်အလိုက် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် ပြောပါတယ်။

မနေ့ ဇူလိုင် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ အစည်းအဝေးမှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားခဲ့တာပါ။

ဦးမင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် စက်သုံးဆီသုံးစွဲမှုတွေ လျှော့ချနိုင်ရေး ပြည်ပမှတင်သွင်းဖို့ မလိုတဲ့ ကျောက်မီးသွေးကို အသုံးပြုပြီး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့နဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ကြဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့နဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို သက်ဆိုင်ရာဝန်ကြီးဌာနအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားကြဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ပြောဆိုမှုအရ နိုင်ငံတဝန်းမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်သွားမယ်လို့ နားလည်ရပြီး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ စီမံကိန်းတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရဟာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကလွီကျေးရွာနဲ့ ဒရယ်ကျေးရွာကြားမှာ ၃၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့ ပြီးခဲ့တဲ့ နှစ်ကတည်းက ကြိုးပမ်းနေပါတယ်။

ချောင်းဆုံမှာ ကျောက်မီးသွေး ဓာတ်အားစက်ရုံ တည်ဆောက်ဖို့အတွက် မြေဧက ၅၀ ကျော် ဝယ်ယူထားသလို စက်ရုံ တည်ဆောက်ဖို့ ပြည်ထောင်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိထားပေမယ့် ဒီစီမံကိန်းကို ဒေသခံပြည်သူတွေက ကန့်ကွက်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.