ဘားအံ၊ ဇူလိုင် ၇
အာဏာဆုပ်ကိုင်ရေးနဲ့ အတင်းအဓမ္မ အုပ်ချုပ်ရေးနည်းလမ်းဟာ နိုင်ငံငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်သလို ဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၇ နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့မှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာပေးပို့ခဲ့ရာမှာ အခုလိုမျိုး ထည့်သွင်းပြောကြားခဲ့တာပါ။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြရမယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးတရားမျှတမှု၊ နိုင်ငံငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ရယူတည်ဆောက်နိုင်ဖို့အတွက် စစ်အာဏာရှင်နဲ့ အာဏာရှင်တွေကို ခုခံတော်လှန်နေကြတဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ အားလုံး လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အတူတကွ ပူးပေါင်းတိုက်ဖျက်ရမယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားတွေအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးဟာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတာဟာ မိမိတို့လူမျိုးရဲ့ သမိုင်း၊ ပြည်ထောင်စုရဲ့ သမိုင်းကို ရေးသားနေခြင်းဖြစ်သည်သာမက နောင်အနာဂါတ် မျိုးဆက်လူငယ်တွေအတွက် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက် သမိုင်းအမွေ ပေးအပ်ခဲ့တာလည်း ဖြစ်တယ်လို့ KNU ဥက္ကဌက ပြောပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်တွေကို တော်လှန်နေကြတဲ့ အစုအဖွဲ့တွေအားလုံးနဲ့လည်း စစ်ရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက အသိပေးထားပါတယ်။
စစ်အုပ်စုဟာ အာဏာတည်မြဲရေးနဲ့ နိုင်ငံတကာက အသိအမှတ်ပြုခံရရေးအတွက် အစဉ်အမြဲကြိုးပမ်းနေပြီး အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးသော လက်နက်နည်းဗျူဟာတွေကို ထုတ်သုံးကာ စစ်ရေးအရ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့အပြင် သံတမန်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲတွေကိုလည်း အားကြိုမာန်တက်လုပ်ဆောင်နေကြတယ်လို့ ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာထဲမှာ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

