မုဒုံ ၊ ဇူလိုင် ၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မြို့မ (၄) အပိုင်၊ ကန်သာယာရပ်ကွက်၊ ကန်သာယာ ပန်းခြံမှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရက ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က စစ်တပ်အသွင်ပြောင်းအစိုးရ လက်အောက်ခံတွေဟာ လုံခြုံရေးနဲ့ အင်အား အများအပြား အသုံးပြုပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဖယ်ရှားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

‌ဒေသခံ တစ်ဦးကတော့ စစ်တပ်အသွင်ပြောင်း အစိုးရ လက်အောက်ခံတွေဟာ ဗိုလ်ချုပ်ကြေးရုပ်ကို ညပိုင်းမှာ လာရောက် ဖယ်ရှားကာ ဒေသတွင်းမှာ ဗိုလ်ချုပ် ကြေးရုပ် အခိုးခံရတယ် ဆိုပြီး သတင်းဖြန့် ထားသလို အခုလို ဗိုလ်ချုပ် ကြေးရုပ် ဖယ်ရှားလိုက်တာကြောင့် နောင်လာနောက်သားတွေ ဗိုလ်ချုပ်ကို မေ့လောက်တဲ့ အထိ ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ညပိုင်းမှာ သူတို့ လာဖြုတ် သွားတယ်လို့ ပြောတယ်၊ ဒါပေမယ့် သူတို့က သတင်း ဖြန့်ထားတာက ကြေးရုပ် ခိုးခံထိသွားတာပေါ့၊ အဲဒီလိုပုံစံမျိုးနဲ့ သတင်း ဖြန့်တယ်၊ ဒါကတော့ ကျွန်တော်တို့ ဘယ်လို ပြောမလည်း ဆိုတော့ ဗိုလ်ချုပ် ကြေးရုပ်ကတော့ လက်ရှိ ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ် ထားတုန်းက ဆိုလည်း ဒီလူငယ်ပိုင်းတွေပေါ့၊ စိတ်ဓာတ် အတုယူ ရအောင် ဆိုပြီးတော့ ထားထားတာ၊ အခု မရှိတဲ့အခါ ကျတော့ နောင်လာနောက်သားတွေ ဗိုလ်ချုပ်ကို မေ့လောက် သွားတဲ့အထိ ဖြစ်နိုင်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်အစိုးရက လွှတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေကို မုဒုံမြို့နယ် အပါအဝင် တခြား ဒေသတွေမှာပါ ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားနေတာဟာ သမိုင်းကို ဖျောက်ဖျက်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မုဒုံမြို့နယ်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဟာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ထားရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို မုဒုံမြို့နယ်မှာ ထားရှိထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဟာ အမြင့် ၉ ပေ ရှိပြီး ကြေးပိဿာချိန် ၃၃၀ ရှိကာ အဲဒီ ကာလက တန်းဖိုးအားဖြင့် ကျပ်သိန်း ၁၅၀ နီးပါး အကုန်အကျခံကာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်တပ်အသွင်ပြောင်း အစိုးရဟာ နိုင်ငံအတွင်းရှိ မြို့နယ် အများစုမှာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ‌ရုပ်တုတွေကို ဖယ်ရှား ရှင်းလင်းမှုတွေ ဆက်တိုက် ဆိုသလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.