လားရှိုး ၊ ဇူလိုင် ၇
တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အာဏာသိမ်း စစ်တပ်က နိုင်ငံ့ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို အရန်အင်အားအဖြစ် ကျားကန်ဖို့ ကြိုးပမ်းလာပါတယ်။
ရှမ်းမြောက်က မြို့နယ်အားလုံးမှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၆၀ နှစ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းတွေကို စစ်တပ်ရဲ့ အရန်အင်အားစာရင်းမှာ ထည့်သွင်းရမယ်လို့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ညွှန်ကြားထားတာပါ။
ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ အသက် ၁၈ နှစ်အထက် မိသားစုဝင်တွေ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတော်ရဲ့ အရန်အင်အားစာရင်းအတွက် ပြုစုပြီး စစ်ဦးစီးဌာန ပြည်သူ့စစ်ဌာနခွဲကို ပေးပို့ဖို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။
ဒီအပေါ် နိုင်ငံသားဝန်ထမ်းတွေကို စစ်တပ်ရဲ့ အရန်အင်အား စာရင်းမှာ ထည့်သွင်းဖော်ပြနိုင်ရေး ရှမ်းမြောက်အတွင်း မြို့နယ်အလိုက် ဌာနအားလုံးမှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၆၀ နှစ်အတွင်းရှိ နိုင်ငံသားဝန်ထမ်းအင်အားစာရင်းကို ပူးတွဲဇယားအတိုင်း ပြုစုပြီး ဇူလိုင် ၂ ရက်နေ့အရောက် မပျက်မကွက် ပေးပို့သွားဖို့ ဖြစ်ပါတယ်။
ရှမ်းမြောက်မှာ စစ်အေးတဲ့ အနေအထားဖြစ်ပေမယ့် တိုက်ခိုက်ရေးအင်အားမရှိတဲ့အတွက် အရန်အင်အားတွေကို စစ်သင်တန်းပေး လက်နက်တပ်ဆင်သွားမယ့် အနေအထားမျိုးလို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်တာတွေ လုပ်မယ့် အနေအထားမျိုးပဲ။ ပြောရမယ်ဆိုရင် ကျွန်ဝယ်ရာအစစ်ပါအနေအထားမျိုး တွေ့ရတယ်။ ဒါကြောင့် အခုလောလောဆယ် UWSA NDAA အဖွဲ့တွေနဲ့လည်း စကားပြောထားတာ ရှိတယ်။ ပြီးရင် MNDAA ၊ TNLA နဲ့ လည်း အပစ်ရပ်ထားတာ ရှိတယ်။ ပြီးရင် SSPP/SSA ကလည်း နေပြည်တော်အထိ ရောက်ထားတာမျိုး ရှိတယ်။ အဲဒီတော့ စစ်အေးတဲ့ အနေအထားမျိုးဆိုပေမယ့် စစ်တပ်ဘက်ကတော့ သူ့မှာ တကယ့် တိုက်ခိုက်ရေးအင်အားမရှိပေမယ့် ဒီအရန်အင်အားတွေနဲ့ ရှမ်းပြည်နယ်မှာ ကျားကန်ပြီးတော့ စစ်ဆိုင်ထားမယ့် အနေအထားမျိုးပဲ”လို့ ဆိုပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို စစ်တပ်ရဲ့ အရန်အင်အားအဖြစ် စာရင်းပြုစုမယ့် မြို့နယ်တွေထဲမှာတော့ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ မိုးမိတ်၊ မဘိမ်း၊ တန့်ယန်းနဲ့ မိုင်းရယ်မြို့နယ်တို့ ပါဝင်တယ်။
အဲဒီမြို့နယ်တွေထဲမှာ နမ္မတူ၊ မဘိမ်း၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ မိုးမိတ်၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကို အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားပြီး အရန်အင်အား စာရင်းပြုမယ့် တချို့မြို့နယ်တွေကလည်း ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ ထိန်းချုပ်ထားတာပါ။
တစ်ဘက်မှာ ပြည်နယ်မှာရှိတဲ့ တိုက်ခိုက်ရေးတပ်အင်အားဟာ ပြည်မထဲက တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနယ်မြေထဲကို လွှတ်ထားရတာဖြစ်လို့ နောက်ချန်တပ်အင်အားဟာ နည်းပါးနေတာကြောင့်လို့ အခုလို အရန်အင်အားပြုစုရတာဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ အမာခံ တိုက်ခိုက်ရေးအင်အား နည်းနေချိန်မှာ တရုတ်ဘက်က တစ်ခုခု ခလုတ်နှိပ်ခဲ့ရင် စစ်ရေးအရ ပုံပျက်ပန်းပျက်ဖြစ်သွားမှာစိုးလို့ အရန်အင်အားနဲ့ ကာရံတာလို့ သူ့အမြင်ကို ပြောပါတယ်။
“အမာခံတိုက်ခိုက်ရေးအင်အားတွေက မရှိသလောက် ရှားနေပြီ။ အဲဒါကြောင့်မို့ စစ်စည်းရုံးပြီးခါမှာ အရန်အင်အားပုံစံမျိုးနဲ့ ပြည်သူ့စစ်ပုံစံမျိုးနဲ့ ဖွင့်ထားတဲ့ အနေအထားပဲ။ အဓိကတော့ တရုတ်ဘက်က ခလုတ်တစ်ခုခု နှိပ်ခဲ့ရင် ပုံပျက်ပန်းပျက် ဖြစ်သွားမှာစိုးတဲ့အတွက် သူ့ရဲ့ ဝန်ထမ်းတွေကိုပဲ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ထားပြီး အရန်အင်အားပေါ့။ ပြောရမယ်ဆိုရင် ဝန်ထမ်းသားသမီးတွေကို ကင်းချပြီးခါမှ စစ်ဗိုလ်ချုပ်တွေ နားပြားအောင် အိပ်လို့ရအောင် အရန်အတားအဖြစ် ကာရံထားတဲ့ အနေအထားမျိုးလို့တော့ ကျွန်တော်တော့ မြင်ပါတယ်ဗျ” လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာ တပ်အင်အားများစွာပြုန်းတီးပြီး စစ်ရေးအရရော အုပ်ချုပ်ရေးနယ်မြေပါ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတဲ့ စစ်တပ်က အခုခါမှာ အဲဒီနယ်မြေတချို့ကို တရုတ်ဖိအားအရရော စစ်ရေးအရပါ ပြန်လည်ဝင်ရောက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့နဲ့လည်း အပစ်ခတ်ရပ်စဲထားနိုင်ပေမယ့် ရက်၁၀၀ စီမံချက်ထဲက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။
လောလောဆယ်မှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက UWSA ၊ NDAA ၊ SSPP တို့နဲ့သာ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးထားတာပါ။
အာဏာသိမ်း စစ်တပ်အနေနဲ့ လက်ရှိမှာ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ဖွဲ့စည်းထားပေမယ့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုတော့ စစ်ရေးအရ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

