တနင်္သာရီ၊ ဇူလိုင် ၆
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာမှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်း ဖမ်းဆီးသွားတဲ့ ရွာခံ သုံးဦး ပြန်မလွှတ်လာသေးဘူးလို့ နယ်ခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က အနောက်မော်တုန်းရွာကနေ အရှေ့မော်တုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းဟာ လမ်းမှာ တွေ့ရှိတဲ့ ဒေသခံပြည်သူတချို့ကို ခေါ်ယူစစ်ဆေးခဲ့တာပါ။
အဲဒီနောက် အရှေ့မော်တုန်းကျေးရွာနေ ဒေသခံ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်း ဖမ်းဆီးသွားတဲ့ အရှေ့မော်တုန်းရွာခံ သုံးဦးဟာ ဇူလိုင် ၆ ရက်နေ့အထိ ပြန်မလွှတ်လာသေးတဲ့အတွက် မိသားစုဝင်တွေက သူတို့ရဲ့ အသက်န္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေဟာ အရှေ့မော်တုန်းရွာနေ အသက် ၄၅ နှစ်အရွယ် ဦးရှီဒင်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှာဖီယာနဲ့ အသက် ၃၈ နှစ်အရွယ် ဦးမတ်ရှာလင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် တနင်္သာရီမြို့နယ် အရှေ့မော်တုန်းနဲ့အနောက်မော်တုန်းရွာက ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

