မော်လမြိုင်၊ ဇူလိုင် ၆
မွန်ပြည်နယ် ပေါင်မြို့နယ်နဲ့မော်လမြိုင်မြို့နယ်တို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နဲ့အဆောက်အဦး ၁၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
မနေ့ ဇူလိုင် ၅ ရက်နေ့ ည ၇ နာရီအချိန်လောက်က ပေါင်မြို့နယ် ကဒါရပ်ကွက်မြို့သစ်ပိုင်းနဲ့ကဒုံစီးရပ်ကွက်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် အပြင်းအထန် လေပြင်းတိုက်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ဌာနဆိုင်ရာရုံး၊စာသင်ကျောင်း၊ ဘုန်ကြီးကျောင်းနဲ့နေအိမ်တွေအပါအဝင် အဆောက်အဦး ၇၅ လုံးထက်မနည်း အမိုးလန်တာနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် လေပြင်းတိုက်ခတ်မှုအတွင်း ပေါင်မြို့ရှိ မြို့တော်ဦးဘုန်းတော်ကြီးကျောင်းက သက်တော် ၅၀ ကျော်အရွယ် သံဃာ နှစ်ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဓာတ်မီးတိုင်နဲ့ ဆက်သွယ်ရေး ဓာတ်တိုင် အများအပြားလည်း လဲပြိုတာတွေ ရှိခဲ့ပါတယ်။
အလားတူ ဒီကနေ ဇူလိုင် ၆ ရက်နေ့ မနက် ၄ နာရီအချိန်လောက်မှာလည်း မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၆ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာတော့ လေဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ ယာယီနေထိုင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီဌာနကတော့ အိန္ဒိယကနေ ဖြတ်ကျော်ဝင်ရောက်လာတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် လာမယ့်အပတ်အတွင်းမွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

