နေပြည်တော် ၊ ဇူလိုင် ၅
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး စစ်တပ်အသွင်ပြောင်း အစိုးရက နိုင်ငံရေးတရားဝင်မှု ဆုံးရှုံးနေတဲ့အပေါ် ဇာတ်ကြောင်းပြောင်းပြန် ဖော်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုးပမ်းလာနေတယ်လို့ လေ့လာသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်နှောင်းပိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က အာဆီယံဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ အစိုးရအဖွဲကို တိုက်တွန်းကြောင်း ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
ဒီအပေါ် ဆွေးနွေးဖို့ အတည်ပြုခဲ့ပြီးနောက် ဇူလိုင် ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့က ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားတာပါ။
အာဆီယံအနေနဲ့ ပြည်သူ့ဆန္ဒအရ ရွေးကောက်ခံအစိုးရကို အသိအမှတ်မပြုတာက အဲဒီရွေးကောက်ပွဲမှာ ပါဝင်မဲပေးခဲ့တဲ့ ပြည်သူတွေကို အလေးမထားတာဖြစ်ပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေကိုသာ အဓိက ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာအစိုးရခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကျဉ်တာ၊ ကန့်သတ်ချက်တွေ ထားတာ၊ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားတာတွေက အာဆီယံပဋိညာဉ်ကို ဖောက်ဖျက်ပြီး ပြည်တွင်းရေးကို စွက်ဖက်တာလို့ လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲထားကြတာပါ။
လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရနဲ့ စစ်တပ်က အကြမ်းဖက်မှုပပျောက်ရေး၊ နိုင်ငံဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေတာမို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို သီးခြားအကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ် မဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒါကြောင့် နိုင်ငံတကာဆက်ဆံရေးကို အလေးထားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိပကတိနိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် ပြန်လည်သုံးသပ်ရေးအဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ကြတာပါ။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်တာဟာ စစ်အစိုးရကြောင့်မဟုတ်ဘဲ အာဆီယံရဲ့ အားနည်းချက်အဖြစ် ပုံဖော်နေတာလို့ သုံးသပ်ပါတယ်။
“အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်က လက်ရှိ ရှိနေတဲ့ Narratives ပေါ့၊ အာဆီယံ Five-Point Consensus က အကောင်အထည်မဖော်နိုင်ဘူးဆိုတာက သူတို့ကြောင့်မဟုတ်ဘူး။ Five-Point Consensus ကိုက အားနည်းမှုရှိနေတယ်။ အဲဒီအတွက်ကြောင့်မို့ အကောင်အထည်မဖော်နိုင်တာဆိုတဲ့ Narratives မျိုး ပြောင်းတယ်။ အဲဒီလိုမျိုး အားနည်းချက်ရှိတဲ့အပေါ် သူတို့ လက်ရှိအနေအထားမှာ အာဆီယံထဲမှာ တန်းတူပါဝင်ခွင့် မရှိနေဘူး။ ပြီးရင် တရားဝင်မှု Legitimacy ဆုံးရှုံးနေတယ်ဆိုတဲ့ဟာ ပြီးရင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း ခံနေရတယ်ဆိုတဲ့ဟာမျိုး အဲဒီလို ဇာတ်လမ်းကို Narratives ပြောင်းပြန်ဖော်နိုင်ဖို့ ကြိုးပမ်းတယ်လို့ နားလည်လို့ ရပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ဟာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တာပါ။
အဲဒီထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ရေး ၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးရေး၊ ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကြားဝင်ညှိနှိုင်းပေးနိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဒီအပေါ် အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်အသိပေးညှိနှိုင်းခဲ့တာ မဟုတ်ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌ ကြေညာချက်ရဲ့ နောက်ဆက်တွဲအဖြစ်သာ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။
ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ ချမှတ်ခဲ့တာမဟုတ်တဲ့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာနိုင်ငံအတွက် ဥပဒေအရ စည်းနှောင်မှုမရှိဘူးလို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဒေါက်တာခိုင်ခိုင်ဆုက ဆွေးနွေးခဲ့တာပါ။
ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အားလုံး သဘောတူညီမှု မရှိဘူးဆိုတဲ့အချက်ဟာ မမှန်ကန်ဘဲ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် ဂျာကာတာကို သွားရောက်ပြီး ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးတိုင်ပင် ကတိပေးခဲ့တာဖြစ်လို့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီမှုနဲ့ ချမှတ်ခဲ့တာလို့ ထောက်ပြပါတယ်။
တစ်ဘက်မှာ အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့က မြန်မာ့အရေးဖြေရှင်းတဲ့နေရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အခရာကျတဲ့အတွက် ဒီအပေါ် အဓိက ဦးတည်ပြီး ဖြေရှင်းဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းကာလကနေ လက်ရှိအချိန်အထိ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံနဲ့ စစ်တပ်အသွင်ပြောင်းအစိုးရ နှစ်ဘက်စလုံးကို ဝေဖန်မှုတွေရှိနေပေမယ့် အာဆီယံကတော့ ဆက်လက်စွဲကိုင်ထားတာပါ။
ဒီအပေါ် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လေ့လာကြည့်ရင် စစ်ကောင်စီလက်ထက်မှာ အကောင်အထည်ဖော်ခဲ့တယ်လို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေလုပ်နေတဲ့ အဖွဲ့တွေအပေါ်သာ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး စစ်ကောင်စီလက်ထက် NCA ထိုးနဲ့ မထိုးတဲ့ EAOs တွေ နိုင်ငံရေးပါတီတွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ၁၆၃ ကြိမ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ၂၀၂၄ ခုနှစ်အတွင်း လာရောက်ချိန်မှာလည်း NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ကိုယ်စားလှယ်တွေ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ASEAN Task Force ကို ဖွဲ့စည်းပြီး လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်နေသလို အထူးကိုယ်စားလှယ် လေးဦး မြန်မာနိုင်ငံကို ၈ ကြိမ် လာရောက်ကာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ် သန်းထွန်းအောင်က ဆွေးနွေးခဲ့တာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဘုံသဘောတူညီချက်အပေါ် စစ်အစိုးရဘက်က လုပ်ဆောင်နေသယောင်ပြောပေမယ့် လက်တွေ့မှာ ထင်သာတဲ့ ရလဒ် မရှိနေဘူးလို့ ထောက်ပြပါတယ်။
“စစ်တပ် စစ်အစိုးရဘက်ကလည်း သူတို့ ဒီဟာကို လုပ်ဆောင်နေသယောင်တော့ ပြောတယ်။ ဒါပေမယ့် တကယ်တမ်း ဘာမှ မလုပ်ဘူး။ အထူးသဖြင့်ဗျာ မြင်သာထင်သာ ရလဒ်မရှိဘဲနဲ့တော့ ဘယ်သူကမှ ဒီလုပ်ငန်းစဉ်ကြီး အောင်မြင်မယ်လို့ မထင်ဘူးလေ။ အခုနောက်ဆုံးဆိုရင်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန် တွေ့ခွင့်ဆိုတာ ပယ်ချလိုက်တယ်လေ။ ဒီဟာတွေက အနည်းဆုံး အဲဒီလောက်မှ ပေးမတွေ့ရင် ဟိုဘက်ကလည်း တိုးတက်တယ်လို့ ဘယ်လိုမှ ပြောလို့ရနေမှာ မဟုတ်ဘူး။ အဲဒီတော့ ပြောရမယ်ဆိုရင်တော့ နောက်နှစ်တွေလည်း ဒီအတိုင်းပဲ တရွတ်တိုက်ဆွဲနေဦးမှာပဲ။ ဘယ်သူကမှလည်း ဘာမှ မလုပ်နိုင်သလိုပေါ့”လို့ ဆိုပါတယ်။
တစ်ဘက်မှာ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားတာပါ။
ဒါ့အပြင် အာဏာသိမ်း စစ်တပ် ဦးစီးတဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖွဲ့စည်းထားပေမယ့် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထဲ ဝင်ဆံ့နိုင်ဖို့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုခြင်း မခံခဲ့ရပါဘူး။
အသွင်ပြောင်းအစိုးရရဲ့ မိတ်ဘက်ဖြစ်တဲ့ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ကုလသမဂ္ဂမှာ အပြည့်အဝ တန်းတူရည်တူ ပါဝင်နိုင်မှုကို ထောက်ခံအားပေးတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean

