မော်လမြိုင် ၊ ဇူလိုင် ၅
အာဏာသိမ်း စစ်တပ် အပြည့်အဝ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အများပြည်သူတွေအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့လာတယ်လို့ မြို့ခံတွေက ဝေဖန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က မော်လမြိုင်မြို့မှာ ထင်ရှားတဲ့ တောင်ရိုးတန်းမှာတောင် ဆိုင်ကယ် တက္ကစီ သမား တစ်ဦးကို သတ်ပြီး ဆိုင်ကယ် လုယူမှု ဖြစ်ပွားခဲ့ကာ ဇူလိုင် ၂ ရက်နေ့မှာ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာပါ။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရုံးစိုက်တဲ့ မော်လမြိုင်မြို့မှာ လုံခြုံရေး အင်အား အများအပြားနဲ့ နေ့စဉ် လှည့်ကင်း ပတ်ကင်း တွေနဲ့ မြို့အနှံ့ လှည့်လည်နေပေမယ့် တရားဥပဒေ စိုးမိုးမှု မရှိတဲ့အပေါ် မြို့ခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့ခံ တစ်ဦးက တရားဥပဒေ စိုးမိုးမှုဟာ ကြာလေမဲ့လေ ဖြစ်လာတာကြောင့် ကြောက်စိတ်တွေ လွှမ်းမိုးလာသလို မလုံခြုံတော့ဘူးဆိုတာ လူတိုင်းရဲ့ စိတ်ထဲမှာ ကိန်းဝပ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တရားဥပဒေ စိုးမိုးမှုက ကြာလေမဲ့လေ ကြာလေမဲ့လေ ဆိုတော့ လူတွေက ကြောက်စိတ် တအား လွှမ်းမိုး လာပြီးပေါ့နော်။ တက္ကစီ သမားကိုလည်း လုပ်လာပြီးဆိုတော့ နောက် ကိုယ်ပိုင် စီးတဲ့လူတွေလည်းပဲ တစ်နေရာရာကို သွားတဲ့အခါမှာ တစ်ယောက်တည်းသွားရင် မလုံခြုံတော့ဘူး ဆိုတာတွေက လူတိုင်းရဲ့ ရင်ထဲမှာ ကိန်းဝပ် လာတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် တရားဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် နေ့စဉ် ရှာဖွေစားသောက် ရတာတွေကအစ အခက်အခဲ ရှိလာသလို တရားဥပဒေမဲ့ လုပ်တဲ့သူတွေကိုလည်း ဖမ်းဆီးရမိတာ မရှိတာကြောင့် စိုးရိမ်မှုတွေ ပိုမို မြင့်တက်စေတယ်လို့ သူကဆက်ပြောပါတယ်။
အငှားယာဉ် မောင်းနှင်းသူ တစ်ဦးကလည်း မော်လမြိုင်မြို့မှာ အခုလို တရားဥပဒေမဲ့ လုပ်ရပ်ကြောင့် အသက်အန္တရာယ် ရှိပေမယ့် သေချာ စုံစမ်း ဖော်ထုတ်ပေးတာ မရှိတဲ့အတွက် ကိုယ်ဖြစ် ကိုယ်ခံ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မော်လမြိုင်မြို့ကြီး ဟာနော် ကိုယ်တွေဘက်မှာလည်း အသက် အန္တရာယ်နဲ့ ဆိုတော့ တရားဥပဒေကလည်း သေချာလေး မစုံစမ်းပေးတဲ့ ပုံစံမျိုး ဆိုတော့ နည်းနည်းတော့ ကိုယ့်ဘက်ကို ပြန်ပြီးတော့ နည်းနည်း စစ်ရမှာပေါ့။အခုလို ဖြစ်သွားတဲ့ အပေါ် ကျတော့ ကျွန်တော်လည်း ယာဉ်မောင်း တစ်ယောက် အနေနဲ့ ပိုကြောက်လာတယ်ဗျာ။ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမယ် ဆိုတာမျိုးတွေက အခု လက်တွေ့ ဖြစ်နေတဲ့ ပုံစံ ဆိုတော့လေ ပိုကြောက်လာတယ်”လို့ ဆိုပါတယ်။
တဖက်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ကို Safe City စီမံကိန်း ဆိုကာ ပြည်သူ့ ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ထောင်နဲ့ချီ အသုံးပြုပြီး မြို့အနှံ့ CCTV ကင်မရာတွေ အပြည့် တပ်ဆင်ထားတာပါ။
အခုလို မော်လမြိုင်မြို့ကို Safe City ဆိုပြီး မြို့အနှံ့ CCTV ကင်မရာတွေ တပ်ဆင် ထားပေမယ့် မကြာခဏ ဆိုသလို ဆိုင်ကယ် ခိုးမှုတွေ၊ ခိုးဆိုးလုယက်မှုတွေ အပြင် တခြား ဒုစရိုက်မှုတွေ ဖြစ်ပွား နေပေမယ့် ပြစ်မှု ကျူးလွန်သူတွေ ကိုတော့ ဖမ်းဆီး ရမိတာ မရှိပါဘူး။
မော်လမြိုင်မြို့မှာတော့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူစစ် အဖွဲ့ အပြင် ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့တွေက မြို့ဝင် မြို့ထွက်တွေမှာ စစ်ဆေးတာ၊ မြို့တွင်း ပိတ်ဆို့ ရှာဖွေတာတွေ လုပ်ဆောင်နေပေမယ့် တရားဥပဒေ စိုးမိုးမှု မရှိသလောက် နည်းပါး လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

