ဗီယင်ကျန်း ၊ ဇူလိုင် ၅
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လာအိုနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍနဲ့ အခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။
သမ္မတ သွန်လွန်း စီဆစ်လစ်ရဲ့ ဖိတ်ကြားချက်အရ လာအိုနိုင်ငံကို ရောက်ရှိနေတဲ့ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဆွန်ဆိုင်စီဖန်ဒွန်နဲ့ တွေ့ဆုံခဲ့မှုအတွင်း မြန်မာ-လာအို နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ကဏ္ဍအစုံ ပူးပေါင်းသွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။
နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းဖြစ်မှု ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့ မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးကျင်းပပြုလုပ်မယ့် အခြေအနေတွေလည်း ပါဝင်ပါတယ်။
ကဏ္ဍအစုံပူးပေါင်းမှုမှာတော့ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနဲ့ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။
မြန်မာ-လာအို ချစ်ကြည်ရေးတံတားကနေတဆင့် နယ်စပ်ကုန်သွယ်မှုတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဖြတ်ကျော် ကုန်စည်ကူးသန်းရောင်းဝယ်ပို့ဆောင်ရေးကို အကောင်အထည်ဖော်ဖို့ အပါအဝင် အလုပ်သမားရေးရာ ပူးပေါင်းမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်သွားမယ့် အခြေအနေတွေနဲ့ နှစ်နိုင်ငံရဲ့ မြို့တော်တွေဖြစ်တဲ့ နေပြည်တော်နဲ့ ဗီယင်ကျန်းမြို့တို့ကြား ညီအစ်မမြို့တော်ဆက်ဆံရေးထူးထောင်သွားဖို့လည်း ပါဝင်ပါတယ်။
တစ်ဘက်မှာ မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးမှာ ဝိုင်းဝန်းပူးပေါင်းဖို့၊ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ ပပျောက်စေရေးတို့မှာလည်း ပူးပေါင်းသွားဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရဘက်ကတော့ မြန်မာနိုင်ငံအနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေမှုအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရကနေ ကြိုးပမ်းနေတဲ့ အခြေအနေတွေကို ဦးမင်းအောင်လှိုင်က တင်ပြခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားတာပါ။
အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ်ကနေ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်အနေနဲ့ လာအိုနိုင်ငံခရီးစဉ်ဟာ တတိယမြောက် ဖြစ်ပါတယ်။
ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာတော့ ပထမဆုံးခရီးစဉ်ဖြစ်သလို လာအိုနဲ့ မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေမှာတော့ ဦးမင်းအောင်လှိုင်အနေနဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကို သွားရောက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

