မော်လမြိုင်၊ ဇူလိုင် ၄
မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မှာ စစ်တပ် အသွင်းပြောင်း အစိုးရ လက်ထက်မှာလည်း စည်ပင်သာယာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ မတိုးတက်ဘဲ ပိုမို ဆုတ်ယုတ်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စည်ပင်သာယာရေးအဖွဲ့ရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ အမှိုက်သိမ်းဆည်းတာ၊ လမ်းတံတား ပြုပြင်တာ၊ ရေမြောင်းတွေ ပြန်လည်တူးဖော်တာ၊ ရေပေးဝေမှုအပါအဝင် မြို့တွင်း သာယာသန့်ရှင်းရေး လုပ်ငန်းတွေဟာ ဆက်လက် ညံ့ဖျင်းနေတာပါ။
အထူးသဖြင့် မြို့တွင်း သာယာသန့်ရှင်းရေးဖြစ်တဲ့ အမှိုက်သိမ်းဆည်း လုပ်ငန်းကိုပင် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်နိုင်ဖို့ ပိုမို အားနည်းလာတဲ့ အခြေအနေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
အရင်က အမှိုက်သိမ်းကားတွေဟာ ရပ်ကွက်တစ်ခုလျှင် တစ်ပတ် နှစ်ကြိမ် လာရောက်ပေးခဲ့ပေမယ့် အခုနောက်ပိုင်းမှာ တစ်ပတ် တစ်ကြိမ်ပင် မလာတော့သလို တချို့ ရပ်ကွက်တွေမှာ တစ်လ တစ်ခါတောင် မလာတော့တဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။
ဒါ့အပြင် အမှိုက်ပုံးတွေ ထားရှိမှုဟာလည်း ကမ်းနားလမ်းပိုင်းတချို့မှာသာ မြင်တွေ့ရပြီး မြို့ပေါ် ရပ်ကွက်အများစုရဲ့ လူစည်းကားရာ နေရာတွေမှာ အမှိုက်ပုံးတွေ ထားရှိထားတာ မရှိပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံ တစ်ဦးကတော့ စည်ပင် ဝန်ဆောင်မှုတွေဟာ အရင်ကထက် ပိုဆိုးလာသလို အမှိုက်ကားတွေ လာတာတောင် မတွေ့ရတော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စည်ပင်က အရင်ကထက်တောင် ပိုပြီးတော့ အနေအထားလေးတွေက ယွင်းလာတယ်၊ ချို့ယွင်းတာတွေ တွေ့ရတယ်။ ကိုယ်သိမ်းရမယ့် အမှိုက်တောင် လာမသိမ်းတော့တဲ့ အနေအထား တစ်ခုပါ။ အမှိုက် လာသိမ်းတဲ့ အမှိုက်ကားက ဒီနေ့ထိ မတွေ့ဖူး တော့ဘူး။လုံးဝကို မရှိတော့ဘူး”လို့ ဆိုပါတယ်။
လွှတ်တော်က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရရဲ့ ၂၀၂၆ – ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ် ရသုံးငွေစာရင်းအရ စည်ပင်သာယာရေးအဖွဲ့ဟာ ဘတ်ဂျက်ငွေ အများဆုံး ရရှိထားတဲ့ ဌာန တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် စည်ပင်သာယာရေးအဖွဲ့ဟာ ပြည်သူ့ဝန်ဆောင်မှုဖြစ်တဲ့ စည်ပင်သာယာရေး လုပ်ငန်းအတွက် လိုအပ်တဲ့ အမှိုက်သိမ်းကားတွေ ထပ်မံဝယ်ယူတာ၊ ဝန်ထမ်းတွေ ဖြည့်တင်းတာ၊ မြို့တွင်း သန့်ရှင်းသာယာရေး လုပ်ငန်းစဉ်တွေ ရေးဆွဲ အကောင်အထည်ဖော်တာ မတွေ့ရသေးပါဘူး။
မော်လမြိုင်မြို့ခံ တစ်ဦးကလည်း စည်ပင် ဝန်ဆောင်မှု ရယူရာမှာ နေအိမ် ဆောက်လုပ်တာ၊ ရေရရှိရေး၊ အမှိုက်သိမ်းဆည်းတာကအစ လာဘ်ငွေ ပေးဆောင်နေရတယ်လို့ ပြောပါတယ်။
“အခုဆို အတ္ထရံရေ အများသုံး အတ္ထရံရေက ရေက ဘယ်ကို ပေးလို့ ပေးမှန်းလည်း မသိဘူး။ရေက ပြည်သူတွေဆီကို မရောက်ဘူး။အမှိုက်ကားက သူတို့နဲ့ ချိတ်ဆက်ထားပြီး ဖုန်းဆက် ခေါ်တဲ့ သူတွေဆီ သွားရင် ပိုက်ဆံရတယ်။အဲ့ဒီမှာပဲ ရှိတဲ့ အမှိုက်တွေ တင်ပြီးရင် သွားလိုက်တာပေါ့၊ ဘယ်သူ့ဆီမှ မတင်တော့ဘူး။ကားပြည့်သွားပြီလို့ ပြောသွားတာပဲ“ လို့ ဆိုပါတယ်။
စည်ပင်သာယာရေး ဝန်ဆောင်မှု ညံ့ဖျင်းမှုဟာ လက်ရှိ စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်နဲ့ အစိုးရ လေးဆက်တိုင် မွန်ပြည်နယ်ရဲ့ စည်ပင်သာယာရေးအဖွဲ့ကို ဦးဆောင်ခွင့်ရနေတဲ့ ပြည်နယ် ညွှန်ကြားရေးမှူး ဦးတင်ကိုကိုတို့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လို့ ဆိုရမှာပါ။
မြို့ခံတွေရဲ့ ပြောပြချက်အရ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကို တာဝန်ယူခဲ့တဲ့ စစ်အစိုးရ လူဟောင်းတွေအပါအဝင် လက်ရှိ တာဝန်ယူထားတဲ့သူတွေဟာ စည်ပင်ဝန်ဆောင်မှုထက် ပြည်သူ့တွေဆီကနေ ရတဲ့နည်းလမ်းတွေနဲ့ ဝင်ငွေရှာသူတွေ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
ဒါပေမယ့် စစ်တပ် အသွင်းပြောင်း အစိုးရ ခန့်အပ်ထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဦးအောင်ဝင်းသန်းကတော့ သူတာဝန်ယူတဲ့ ငါးနှစ်အတွင်း မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ မွန်ပြည်နယ် အစိုးရရုံးမှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမိတ်ဆက်တဲ့ အခမ်းအနားမှာ ကြွေးကြော်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

