မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စပ္ပနူးကျေးရွာမှာ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ အမျိုးသား တစ်ဦးဟာ တစ်ရက်မပြည့်ခင်မှာပဲ ရိုက်နက်နှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စပ္ပနူးကျေးရွာနေ အသက် ၃၀ အရွယ် ကိုရွှေဂဲ (ခေါ်) ကိုမင်းကျော်သူဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ အလုပ်ကနေ နေအိမ်ပြန်လာစဉ် စပ္ပနူးကျေးရွာအဝင် လမ်းပိုင်းမှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။
ဖမ်းဆီးခံရပြီးနောက် အပြင်းအထန် ရိုက်နက်နှိပ်စက်ခံထားရတဲ့ ကိုရွှေဂဲကို စစ်တပ်က ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းမှာ နေအိမ်သို့ ပြန်လာပို့အပြီး နာရီဝက်အကြာမှာပဲ သေဆုံးသွားပါတယ်။
ရွာခံတွေရဲ့ ပြောပြချက်အရ ကိုရွှေဂဲဟာ ဖမ်းဆီးခံရပြီးနောက် ဝမ်းဗိုက်နဲ့ရင်ဘတ်တွေမှာ အညိုအမဲစွဲဒဏ်ရာတွေ ရရှိထားပြီး မသေဆုံးခင် ဗိုက်အောင့်တယ် ပြောရင်း သေဆုံးတာလို့ ဆိုပါတယ်။
စပ္ပနူးကျေးရွာနေ ကိုရွှေဂဲကို အကြောင်းမဲ့ ဖမ်းဆီးပြီးနောက် ရိုက်နက်နှိပ်စက်တဲ့သူတွေဟာ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ် လက်အောက်ခံ တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရွာခံတွေထံက သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကစလို့ အာဏာသိမ်း စစ်တပ်က တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးတာနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေသလို လမ်းမှာ တွေ့ရှိတဲ့ ဒေသခံတွေကိုလည်း ဖမ်းဆီးနှိပ်စက် ငွေကြေးတောင်းခံမှုတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

