မော်လမြိုင် ၊ ဇွန် ၂၇
မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနဲ့ အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကို တိုင်ကြားနိုင်တယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးသန့်ဇော်က ပြောပါတယ်။
လွှတ်တော်မှာ လာရောက် တိုင်ကြားနိုင်သူတွေဟာ ဥပဒေအရ ဆုံးရှုံး နစ်နာမှု ရှိတဲ့သူတွေ၊ ဥပဒေအရ ရပိုင်ခွင့် ရှိတဲ့သူတွေ၊ မတရားသဖြင့် ဖိနှိပ်ခံရသူတွေအပြင် တာဝန်ရှိသူတွေရဲ့ မမှန်မကန် လုပ်ခံရသူတွေကအစ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
တိုင်ကြားလာသူတွေရဲ့ တိုင်ကြားချက်တွေကိုတော့ ကော်မတီက စိစစ်ဆောင်ရွက်မှာဖြစ်ပြီး စိစစ်တွေ့ရှိချက်တွေကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းဖြစ်စေ၊ တရားစီရင်ရေးအပိုင်း ဖြစ်စေ တင်ပြပြီး ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကော်မတီ အတွင်းရေးမှူး ဦးသန့်ဇော်ကတော့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ တင်ပြလာတဲ့အပေါ်မှာ မူတည်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြံပြုတာ၊ တောင်းဆိုတာတွေ လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။
“အဓိကတော့ ပြည်သူတွေ တင်ပြလာတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ဥပဒေ ပြုရေးသည် အုပ်ချုပ်ရေးရော တရားစီရင်ရေးရော အပြန်အလှန် ထိန်းကြောင်းနေတာ ရှိတာပေါ့။ရှိတဲ့အခါကျတော့ ကျွန်တော်တို့က တင်လာတဲ့ စာတွေ ထဲမှာလည်း တရားစီရင်ရေးနဲ့ ပတ်သက်ရင်လည်း ပါလာမယ်။ အုပ်ချုပ်ရေးပိုင်နဲ့ ပတ်သက်ရင်လည်း ပါမှာပေါ့။ ကျွန်တော်တို့က စောင့်ကြည့်ပြီးတော့ တိမ်းစောင်းနေရင်တော့လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့က အကြံပြုတာတို့ တောင်းဆိုတာတို့ လာမှာပေါ့ဗျာ”လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး ကော်မတီက စိစစ်သုံးသပ်ကာ လွှတ်တော် ဥက္ကဋ္ဌကတစ်ဆင့် အုပ်ချုပ်ရေးအပိုင်းနဲ့ တရားစီရင်ရေးအပိုင်း ပေးပို့သွားမှာ ဖြစ်ပြီး အဲဒီကတစ်ဆင့် ပြန်လည် ပြုပြင်တာ၊ အရေးယူတာတွေလည်း လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနဲ့အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကို ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့က ကျင်းပတဲ့ ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းခဲ့ပါတယ်။
ကော်မတီကိုတော့ မွန်ညီညွှတ်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ် နိုင်စံတင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၈ ဦး၊ ပြင်ပပုဂ္ဂိုလ် တစ်ဦး၊ စုစုပေါင်း ၉ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ ကော်မတီဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ပြည်သူတွေ တိုင်ကြားလာတဲ့ ရေမြောင်းပေါ် ကျူးကျော် ဆောက်လုပ်နေတဲ့ အဆောက်အဦးကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

