ရေဖြူ၊ ဇွန် ၂၇

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာကို စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းကစလို့ အင်အား ၈၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်း ပါဝင်တဲ့ မူးဒူးကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်တပ်စစ်ကြောင်းဟာ မူးဒူးကျေးရွာအလယ်ပိုင်းရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်နေတာကြောင့် ကျေးရွာအတွင်းရှိ ဒေသခံ ၁၀၀၀ ကျော်ဟာ ပေါ်တာဆွဲ ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

မူးဒူးကျေးရွာဟာ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသထဲရှိ ကျေးရွာတစ်ရွာဖြစ်ပြီး မူးဒူးအရှေ့ရွာနဲ့ မူးဒူးအနောက်ရွာဆိုပြီးရှိကာ ဒေသခံ ၂၀၀၀ နီးပါး နေထိုင်တဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာထဲ စစ်ကြောင်းထိုးမှုဟာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ မြိတ်ခရီးစဉ်မှာ မဟာဗျူဟာမြောက် စီမံကိန်းတွေကို လုံခြုံရေး စီမံရမယ်ဆို့ ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ကလည်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ကျေးရွာကို စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.