မကွေး ဇွန် ၂၅

မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က ၅၀ ဦးဝန်းကျင် ထိခိုက်သေဆုံးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန်လအတွင်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်ဆိုသလိုတိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က ၅၀ ကျော် သေဆုံးခဲ့တာပါ။

“တိုက်ပွဲတွေကနေ့စဉ်ဆိုသလိုဖြစ်နေတာ။ တစ်ရက်တည်း ဖြစ်တာမဟုတ်ဘဲနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီးမှ ရန်သူဘက်က ၅၀ လောက် ​သေဆုံးသွားတာ”လို့ ABSDF Column 3 ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ပခုက္ကူ တပ်မ ၁၀၁ ကနေ မြိုင်မြို့နယ်အထိ အင်အား ၄၀၀ ကျော်အသုံးပြုပြီး စစ်ကြောင်းဝင်ရောက်နေတာပါ။

အဲဒီစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက ပခုက္ကူမြို့နယ်ကနေ မြိုင်မြို့နယ်အထိ လိုက်လံတိုက်ခိုက်ခဲ့ပြီး မြိုင်မြို့နယ် ကိုင်းတောမကျေးရွာမှာ အထိနာကာ တွင်းမပျူစခန်းကို ပြန်လည်ဆုတ်ခွာသွားတာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာသူတွေကို သယ်ဆောင်မယ့် Mi 17 ရဟတ်ယာဉ်ကိုလည်း ဇွန် ၂၃ ရက်နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချ ဖျက်စီးနိုင်ခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေကြောင့် ပခုက္ကူမြို့အနောက်ဘက်က ကျေးရွာတွေအကုန်လုံး စစ်ဘေးရှောင်နေရပြီး သတ်ဖြတ်ခံရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူ ၅ ဦးထက်မနည်းရှိနေပြီး ၁ ဦးမှာ လည်လှီးသတ်ဖြတ်ခံရကာ အများစုက သေနတ်နဲ့ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပခုက္ကူကနေ ထွက်လာတဲ့စစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင် ပကဖ၊ ပေါက် ပကဖ၊ မြိုင် ပကဖ ၊ ပခုက္ကူ ပကဖ၊ ရေစကြို ပကဖ၊ ပခုက္ကူခရိုင် (၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ တိုင်း ပကဖစစ်ကြောင်း (၄) ၊ ကမ္မတပ်ပေါင်းစု ၊ ပြည်သူ့လုံခြုံရေးအင်အားစု (ကမ္မ) PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု ၊ 8 + အင်အားစုနဲ့ ဒေသတွင်းညီအစ်ကိုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Earthquake People’s Defence Force

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.