နေပြည်တော်၊ ဇွန် ၂၆

လဝက ဝန်ထမ်းတွေ ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံရင် အရေးယူသွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦမြင့်ကြိုင်က ပြောပါတယ်။

မနေ့ ဇွန် ၂၅ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကျေးသီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းတင်ဦးရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

ဒေါ်နန်းတင်ဦးက နိုင်ငံသား မှတ်ပုံတင်လျှောက်ထားရာမှာ ရက်ချိန်းမမှန်တာ၊ ပိုက်ဆံအဆမတန်တောင်းခံမှုကို အစိုးရမှ အောက်ခြေဌာနဝန်ထမ်းတွေကို ညွှန်ကြားစာ ထုတ်ဆင့်ပေးဖို့ မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြည်သူတွေ ဝန်ဆောင်မှု လာယူရာမှာ အကြိမ်ကြိမ်ချိန်းဆိုတာ၊ အချိန်ကြန့်ကြာမှုမဖြစ်ပွားစေရေးအတွက် အလေးအနက်ထား လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဒ့ါအပြင် မှတ်ပုံတင် ထုတ်ပေးရာမှာ အထောက်အထားပြည့်စုံတဲ့ မွေးရာပါနိုင်ငံသားတွေကို နေ့ချင်းပြီး ထုတ်ပေးဖို့နဲ့ လိုင်စင်ဓာတ်ပုံ၊ သွေး အုပ်စုစစ်ဆေးချက် မပြည့်စုံတဲ့သူတွေကို ၁၄ ရက်အတွင်း ထုတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဦးမြင့်ကြိုင်ကတော့ လဝက ဝန်ထမ်းတွေ ငွေကြေးတောင်းခံတာ မလုပ်ဖို့ ညွှန်ကြားထားတဲ့အတွက် ငွေကြေးပေးဆောင်ရမှုကို တိကျစွာတိုင်ကြားပေးရင် ဌာနအနေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန လဝက ဝန်ထမ်းတွေဟာ ပြည်သူတွေဆီကနေ အကြောင်းပြချက် အမျိုးမျိုးနဲ့ ငွေကြေးတောင်းယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.