မြိတ် ၊ ဇွန် ၂၆

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်းပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းဖို့ အာဏာသိမ်း စစ်တပ်ရဲ့ ဒုတပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ကြွေးကြော်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်၂၄ ရက်နေ့က ဒုတပ်ချုပ်ရဲ့ တနင်္သာရီတိုင်း မြိတ်မြို့နယ် ခရီးစဉ်အတွင်း မြိတ်တပ်နယ်နဲ့ ကျွန်းစုမြို့ရှိ နယ်မြေခံ တပ်က အရာရှိ၊ စစ်သည် မိသားစုဝင်တွေနဲ့ သီခြားတွေ့ဆုံစဉ် ကြွေးကြော်လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ထားဝယ် ရေနက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ ပြည်ထောင်စု လမ်းမကြီးဖြစ်တဲ့ ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းမှာ နှောင့်ယှက်တဲ့ အဖွဲ့အစည်း မှန်သမျှကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းဖို့ ပြောဆိုခဲ့တာပါ။

တနင်္သာရီတိုင်း စစ်ဌာန ဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော် စောဒါးကိုကတော့ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်း တစ်လျှောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဆက်လက်စိုးမိုးထားပြီး ဒုတပ်ချုပ်ရဲ့ ကြွေးကြော်သလို ဖြစ်လာမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်တပ်အနေနဲ့ တော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်စိုးမိုးရေးအတွက် ဆက်တိုက်ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်ထိ နယ်မြေအများစုကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

စစ်ရေးလေ့လာ သုံးသပ်သူတွေကတော့ ဒုတပ်ချုပ်ရဲ့ ပြောဆိုချက်အရ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို အာဏာသိမ်း စစ်တပ်က လာမယ့် ပွင့်လင်းရာသီမှာ ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မကြာခဏ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်တပ်ဘက်က လေကြောင်းဗုံးကြဲမှုတွေ ပိုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထား နေထိုင်ကြဖို့ တိုက်တွန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.