မော်လမြိုင် ၊ ဇွန် ၂၇

တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်နိုင်မှာဖြစ်တဲ့အတွက် ဒေသတွင်း တည်ငြိမ်ရေးတွေကို စစ်တပ်က တာဝန်ယူ လုပ်ဆောင်နေရတယ်လို့ ဒုတပ်ချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောပါတယ်။

ဇွန် ၂၅ ရက်နေ့က မွန်ပြည်နယ်မှာရှိတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်က အရာရှိ စစ်သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ စစ်တပ်အနေနဲ့ အစိုးရရဲ့ လမ်းညွှန်မှုအောက်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်နေတယ်လို့ ပြောကြားခဲ့တာပါ။

အစိုးရသစ်အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးတွေကို အကောင်ထည်ဖော်လုပ်ဆောင်နေတယ်လို့ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောပါတယ်။

လက်တွေ့မှာတော့ အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအုပ်ချုပ်တဲ့ အစိုးရအဖြစ် ပုံဖော်ထားပေမယ့် အလုံးစုံအာဏာကိုတော့ စစ်ယူနီဖောင်းချွတ် အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ စစ်ဗိုလ်ချုပ်တွေကပဲ လွှမ်းမိုးချုပ်ကိုင်ထားတာပါ။

တစ်ဘက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ PDF တွေကို ပြည်ပအင်အားကြီး နိုင်ငံတချို့က စစ်တပ်အင်အားလျော့နည်းလာအောင် ကူညီထောက်ပံ့ပေးနေတယ်လို့ ဒုတပ်ချုပ်က ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ PDF တွေဟာ လူမျိုးရေး၊ အယူဝါဒရေးဆိုပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ အကြောင်းပြကာ လက်နက်ကိုင်နေကြပေမယ့် မြေပြင်မှာ ကိုယ်ကျိုးစီးပွားအတွက်သာ အဓိကထား လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ပြီး ကိုယ်ကျိုးစီးပွားလုပ်နေတာလို့ တုံ့ပြန်ပါတယ်။

“ကိုယ်ကျိုးစီးပွားရှာတာလည်း စစ်အုပ်စုပဲ ဖြစ်ပါတယ်။ သူတို့က အာဏာရပြီးနောက်ပိုင်းမှာ စစ်တပ်ထဲမှာ စစ်တပ်ရဲ့ စီးပွားရေးတွေ လုပ်တယ်။ တိုင်းပြည်မှာရှိတဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ် ထုတ်ယူသုံးစွဲပြီးတော့ စစ်တပ်အတွက်ဖြစ်စေ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားအတွက်ဖြစ်စေ ဒါတွေကို သူတို့ပဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီသယံဇာတကိစ္စဆိုရင် ဖက်ဒရယ်အရေးနဲ့ ဆိုင်တာပေါ့။ ပြည်နယ်တွေမှာ ရသင့်ရထိုက်တဲ့ သယံဇာတတွေကို စစ်တပ်ကနေပြီးတော့မှ လက်ဝါးကြီး အုပ်သွားတဲ့အတွက်လည်း တော်လှန်ရေး ဖြစ်ရတဲ့ အကြောင်းအရင်းထဲမှာ ဒါလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကျိုးစီးပွား တကယ်လုပ်နေတာက တော်လှန်ရေးအဖွဲ့အစည်းတွေမဟုတ်ဘူးပေါ့။ စစ်တပ်က စစ်ခေါင်းဆောင်တွေ လုပ်နေတာ ဖြစ်တယ်”လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ပါဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းအများစုဟာ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ တော်လှန်ရေးကို အထောက်အကူပြုနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုင်မွန်စိုင်းက ‌ထောက်ပြပါတယ်။

ဒုတပ်ချုပ်ကတော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အာဏာရပါတီက မဲမသမာမှုတွေလုပ်ခဲ့လို့ စစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ ဦးမင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းယူခဲ့တဲ့ ဖြစ်စဉ်အ‌ပေါ် မြန်မာ့နိုင်ငံရေးမှာ အမြဲလိုလို ဝင်ရောက်ခြယ်လှယ်နေတဲ့ စစ်တပ်ရဲ့ စရိုက်ဆိုးကို ဝန်ခံရာ ရောက်နေပါတယ်။

အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ အလွှာပေါင်းစုံက လူထုတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့အပေါ်မှာလည်း စစ်တပ်က လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတဝန်းမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ရာနဲ့ချီ ပေါ်ပေါက်လာပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းလာခဲ့တဲ့အပေါ် စစ်တပ်အနေနဲ့ နယ်မြေတည်ငြိမ်ရေးအတွက် ဖြေရှင်းခဲ့ရတယ်လို့ ဒုတပ်ချုပ်က ဆိုပါတယ်။

နိုင်ငံရဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေဖို့ လုပ်ဆောင်လာသူမှန်သမျှကို စစ်တပ်အနေနဲ့ ရှင်းလင်းသွားမယ်လို့ မော်လမြိုင်တပ်နယ်ကို ရောက်ရှိချိန်မှာ အရာရှိစစ်သည်တွေကို သူက ကြွေးကြော်ခဲ့ပါသေးတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ တိုင်းပြည်မတည်ငြိမ်အောင် လုပ်နေတာက နိုင်ငံရေးမှာ အမြဲဝင်ပါနေတဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်သာဖြစ်တယ်လို့ အရင်ကတည်းက တုံ့ပြန်ပြောဆိုထားပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.