မော်လမြိုင်၊ ဇွန် ၂၆
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို မှတ်ပုံတင် အမည်စာရင်း သွင်းဖို့ ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတာ ဖြစ်ပါတယ်။
စစ်မှုထမ်း အမည်စာရင်း တင်သွင်းဖို့ ဆင့်ခေါ်ခံရသူတွေအနေနဲ့ ဇွန် ၂၅ ရက်နေ့ နောက်ဆုံးထားပြီး မပျက်မကွက် သတင်းပို့ဖို့ ညွှန်ကြားထားပြီး ပျက်ကွက်ရင် ပြည်သူ့စစ်မှုထမ်း ဥပဒေအနေနဲ့ အရေးယူမယ်လို့ သတိပေးထားပါတယ်။
ပုံစံ(၂) အရ စစ်မှုထမ်း ဆင့်ခေါ်ခံရသူတွေဟာ ပုံစံ (၃-က) အရ စစ်မှုထမ်း အကြုံးဝင်မှု မှန်ကန်ကြောင်း မှတ်ပုံတင် အမည်စာရင်း သွင်းပြီး လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။
စစ်မှုထမ်း ဆင့်ခေါ်ခံရတာကြောင့် ဒေသတွင်း လူငယ်တချို့ဟာ စစ်မှုထမ်း ကင်းလွတ်ခွင့် လျှောက်ထားချိန်မရဘဲ တစ်ခါတည်း စစ်သားစုဆောင်းခံနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေပြီး ဆင့်ခေါ်ခံရတဲ့ လူငယ်တချို့ တိမ်းရှောင်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီးထွန်းအောင်က စစ်မှုထမ်းအကျုံးဝင်သူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ ပြီးခဲ့တဲ့ မေလအတွင်း ညွှန်ကြားထားပါတယ်။
ဒါကြောင့် နေပြည်တော်ကောင်စီ တိုင်း၊ပြည်နယ်အဖွဲ့တွေအနေနဲ့ စစ်မှုထမ်းအင်အား အချက်အလက်အမှန်ရရှိဖို့ မိမိနယ်မြေအတွင်း အကျုံးဝင်သူ စာရင်းကို သက်ဆိုင်ရာ လဝကနဲ့ ပေါင်းပြီး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ ညွှန်ကြားထားတာပါ။
စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက်မှာ စစ်မှုထမ်းတွေကို မဲနှိုက်ရွေးချယ်တာ၊ အတင်းအဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းခိုင်းတာ၊ လူဌားရမ်းတာတွေနဲ့ ခေါ်ယူစုဆောင်းခဲ့တာပါ။
လက်ရှိမှာ စစ်ဗိုလ်ချုပ်တွေ အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရဟာ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းသွင်း မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၅ အထိ ဒေသတွင်းရှိ လူငယ် ၅၂၀၀ ထက်မနည်း စစ်သားစုဆောင်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

