နေပြည်တော် ၊ ဇွန် ၂၆
မြန်မာနိုင်ငံမှာ မြေပေါ်မြေအောက် သယံဇာတတွေ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်လို့ အလုပ်လုပ်နိုင်ရေးနဲ့ အလုပ်လုပ်ချင်စိတ်ရှိဖို့ အမှန်တကယ် လိုအပ်နေတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် ပြောဆိုမှုဟာ လက်တွေ့နဲ့ ကင်းကွာနေပါတယ်။
ဇွန် ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့မှုအပေါ် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြန်ကြည့်ရင် ယုံကြည်ချင်စရာ မရှိဘူးလို့ လေ့လာသူတွေက ထောက်ပြပါတယ်။
အကြောင်းကတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တကျော့ပြန်လာတဲ့ တိုက်ပွဲတွေနဲ့အတူ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကြောင့် တိုင်းပြည်ဟာ ကျဆုံးနိုင်ငံအဆင့်ကို ဦးတည်လာခဲ့ပြီး ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
တစ်ဘက်မှာ သယံဇာတပြုန်းတီးမှုတွေလည်း အများအပြားရှိခဲ့သလို စစ်အာဏာရှင်စနစ်ရဲ့ တင်းကြပ်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖိနှိပ်မှုတွေအောက်မှာ ပြည်သူတွေရဲ့ လွတ်လပ်စွာ အလုပ်လုပ်ကိုင်နိုင်ခွင့်ဟာ အတားအဆီးဖြစ်နေတာပါ။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးကနေ အလဲလဲအပြိုပြိုဖြစ်ခဲ့ရတဲ့ စစ်တပ်အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့မှုကြောင့် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းတိမ်းရှောင်ဖို့ ပြည်ပနိုင်ငံတွေကို ရတဲ့ နည်းလမ်းတွေနဲ့ ဝင်ရောက်လာခဲ့ကြပါတယ်။
မြန်မာ့အရေးလေ့လာနေသူတစ်ဦးက စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေတာကြောင့် လူငယ်လုပ်သားရှားပါးလာသလို အလုပ်အကိုင်အခွင့်အလမ်းလည်း ရှားလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံတစ်နိုင်ငံမှာ လူသားအရင်းအမြစ်က အရေးကြီးဆုံးပဲ။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ စစ်မှုထမ်းဥပဒေကလည်း ဥပဒေ၊နည်းဥပဒေတွေနဲ့ မသွားဘဲနဲ့ လုပ်ချင်သလို လုပ်နေတယ်။ပေါ်တာတွေဆွဲတယ်ဆိုတော့ လူငယ်တွေက ကြောက်လန့်ပြီးတော့ ရရာနည်းလမ်းတွေနဲ့ (ပြည်တွင်းကနေ) ထွက်ခွာကြတယ်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာက လူငယ်လုပ်သားက မရှိသလောက်ကို ရှားပါးလာတယ်။ စစ်မှုထမ်းကလည်း ဆွဲတဲ့အခါကျတော့ အဓိက အလုပ်အကိုင်အခွင့်အလမ်းက တော်တော်လေးကို ရှားပါးလာတယ်”လို့ ဆိုပါတယ်။
နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့အစည်း IOM ရဲ့ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဧပြီအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ဝန်းကျင်ဟာ ပြည်တွင်း ပဋိပက္ခနဲ့ စစ်မှုထမ်းစုဆောင်းမှုတွေကြောင့် ထိုင်းနိုင်ငံကို နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်ခဲ့ကြပါတယ်။
ရွှေ့ပြောင်းနေထိုင်သူအချို့ဟာ ရေရှည်နေထိုင်ရေးအတွက် ရည်ရွယ်ချက်ရှိကြပေမယ့် အများစုဟာ တရားဝင်စာရွက်စာတမ်းတွေ အထောက်အထားတွေ မရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာကြတာပါ။
အကြောင်းကတော့ အလုပ်အကိုင်ရှာဖွေတာ၊ ကူးသန်းရောင်းဝယ်တာနဲ့ စီးပွားရေးလုပ်တာ၊ မိသားစုနဲ့ သူငယ်ချင်းတွေကို သွားရောက်လည်ပတ်တာနဲ့ မြန်မာနိုင်ငံရှိ ပြည်တွင်းပဋိပက္ခတွေကနေ လွတ်မြောက်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတချို့ဟာ မလေးရှားနိုင်ငံကို တရားမဝင် ခရီးဆက်နိုင်ဖို့ ထိုင်းနိုင်ငံကို ဝင်ပေါက်အဖြစ် အသုံးပြုနေတာကိုလည်း IOM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ အခုနှစ် အစောပိုင်းမှာ ထိုင်း-မလေးရှားနယ်စပ်တစ်လျှောက် လူမှောင်ခိုမှုနဲ့ ဖမ်းဆီးခံရသူအများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က အာဏာသိမ်းမှုအကျိုးဆက်ကြောင့် မြန်မာပြည်သူတွေနဲ့ လူငယ်တွေဟာ ကိုယ့်ဘဝ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အလှမ်းဝေးနေဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုက ကျွန်တော်တို့ နိုင်ငံက နိုင်ငံပျက်နေတာ။အဲဒီလို ပျက်နေတာဖြစ်တဲ့အတွက် တိုင်းပြည်ထဲမှာ အသိပညာရှင် အတတ်ပညာရှင် လူငယ်လူရွယ် စစ်ပွဲနဲ့ သက်ဆိုင်သမျှလူ ဘယ်သူမှ နေလို့မရတဲ့အပြင် အာဏာရှင်ကလည်း ဖိနှိပ်ပြီးတော့ကို မဖြစ်ဖြစ်အောင် ကျုံးသွင်းနေတာဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်ဘဝကို ပိုင်ဖို့ နောက် လူငယ်တွေအတွက် ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆိုတာက ဒီစစ်ပွဲ မပျက်မချင်း ဒီတော်လှန်ရေး မပြီးမချင်းကတော့ ကြာနေဦးမှာ”လို့ ဆိုပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ ပြည်တွင်းမှာ အလုပ်လုပ်နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်တာကြောင့် နိုင်ငံတော်ကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ အကောင်အထည်ဖော်ပေးသွားမယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အလုပ်လုပ်နိုင်ရေးနဲ့ အလုပ်လုပ်တတ်ဖို့အတွက် အသိပညာ၊ အတတ်ပညာတွေ ရှိဖို့ လိုအပ်တာကြောင့် သင်ကြားပြသပေးရေးတွေကို လုပ်ဆောင်ပေးလိုက်ရင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေ တိုးတက်လာမယ်လို့ ဆိုပါတယ်။
စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်မှာတော့ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် ပျက်စီးနေတဲ့ တိုင်းပြည်စီးပွားရေးကို အလျင်အမြန် ပြန်လည်နာလန်ထူလာစေဖို့ ခိုင်မာတဲ့ စီးပွားရေးမူဝါဒတွေ အစီအစဉ်တွေ မတွေ့ရဘူးလို့ ISP-Myanmar က ထောက်ပြထားတာပါ။
လေ့လာသူတွေကတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုအကျိုးဆက်တွေကို ပြည်သူတွေအပေါ် ရိုက်ခတ်နေဆဲဖြစ်သလို ရွေးကောက်ခံအစိုးရလို့ ကြွေးကြော်နေပေမယ့် လုပ်ရပ်တွေက အာဏာရှင်ဆန်နေတုန်းပဲလို့ ဝေဖန်ကြပါတယ်။
ပြည်သူတစ်ဦးကလည်း စီးပွားရေးမှာ စစ်တပ်က လက်ဝါးကြီးအုပ်ထားပြီး လူငယ်တွေကို စစ်မှုထမ်းခိုင်းတာနဲ့ အရပ်သားတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုက သူတို့ပဲ လက်ဝါးကြီးအုပ်ထားပြီးတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ နောက်လူငယ်တွေကျ ဘာကြောင့် ပြည်ပသွားလဲဆို ဒီမှာက အလုပ်အကိုင်ရှားပါးလာတယ်၊ သူတို့ ဟိုမှာပိတ် ဒီမှာပိတ် ဘာမှ လုပ်မရတဲ့အခါကျ နောက် စစ်မှုထမ်းဥပဒေက ထွက်လာပြန်ရော လူတွေကလည်း တချို့က သွားကြတာပေါ့ ၊ မနေကြဘူး။ တချို့က စစ်ဘေးရှောင်တွေ (စစ်တပ်က) မြို့ရွာ မီးရှို့မယ် ဘာညာဆိုတော့ တချို့လူတွေ (ကိုယ့်ဒေသ ကိုယ်နိုင်ငံမှာ) ဘယ်သွားနေတော့မှာလဲ ပြေးကုန်ပြီပေါ့၊ အဲဒီလိုမျိုးပေါ့။ သူပြောတဲ့ဟာက အလကားပဲလေ”လို့ ဆိုပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းတွေအရ လူဦးရေ ၃ ဒသမ ၇ သန်းကျော်ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကလည်း အိမ်ချင်းနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အတည်ပြုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ အခုနှစ် ဇွန် ၂၄ ရက်အထိ ပြည်သူ ၈၁၂၂ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၁၄၃၅၅ ဦး ရှိနေဆဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

