ဘားအံ၊ ဇွန် ၂၆
ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်မှာ လာရောက်လည်ပတ်သူတွေအနေနဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက ထိရောက်စွာအရေးယူသွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၃ ရက်နေ့ရက်စွဲနဲ့ စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့် ထုတ်ပြန်သွားခဲ့တာပါ။
ကရင်ပြည်နယ်ရဲ့ ခရီးစဉ်ဒေသတွေမှာ ဇွဲကပင်တောင်ခရီးစဉ်ဒေသဟာ ပြည်နယ်ရဲ့ အထိမ်းအမှတ်အဖြစ် ထင်းရှားတဲ့ ဇွဲကပင်တောင်တည်ရှိရာ နေရာတစ်ခုဖြစ်ပြီး ခရီးသွားအများအပြား လာရောက်လည်ပတ်လျက်ရှိတာပါ။
ဇွဲကပင်တောင်ဝန်းကျင်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ခရီးစဉ်ဒေသရဲ့ သာယာလှပမှုကို ထိခိုက်စေတဲ့အတွက် တာဝန်ရှိဌာနတွေ အဖွဲ့အစည်းတွေက ဇွဲကပင်တောင်တက်ဆင်းလမ်းတစ်လျှောက်မှာ အမှိုက်အိတ်တွေထားရှိပြီး စနစ်တကျအမှိုက်စွန့်ပစ်စေတာ၊ အမှိုက်သိမ်းဆည်းတာတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဇွဲကပင်တောင်ကို တက်ရောက်မယ့် ခရီးသွားဧည့်သည်တွေ ဘယ်သူမဆို အမှိုက်တွေကို သတ်မှတ်နေရာမှာ စနစ်တကျစွန့်ပစ်ဖို့နဲ့ စည်းကမ်းမဲ့အမှိုက်တွေ စွန့်ပစ်မှုမရှိစေရေး လိုက်နာကြဖို့ ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားတာပါ။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ့ရှိပါက ကျူးလွန်သူက ဒဏ်ငွေ ၅၀၀၀၀ ကျပ် ပေးဆောင်ဖို့နဲ့ အဲဒီဒဏ်ငွေရဲ့ တစ်ဝက်ကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို တွေ့ရှိဖမ်းဆီးပေးနိုင်သူအား ဆုကြေးအဖြစ် ပေးအပ်ပြီး ကျန်ငွေတွေကိုတော့ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO) ရန်ပုံငွေအဖြစ် ထားရှိသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လိုက်နာရန်ပျက်ကွက်သူ ဘယ်သူ့ကိုမဆို ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရလည်ကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရလည်းကောင်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဇွဲကပင်တောင် သန့်ရှင်းသာယာလှပစေဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့ပေါင်းစုံက လူဦးရေ ၄၀၀ ကျော်ဟာ ဇွဲကပင်တောင်မှာ အမှိုက်ကောက်ကမ်ပိန်းကို ဆောင်ရွက်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

