မော်လမြိုင်၊ ဇွန် ၂၅
ရန်ကုန် – မော်လမြိုင်၊ မော်လမြိုင် – ရန်ကုန် နေ့ချင်းပြန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားခရီးစဉ်ကို လာမယ့် ဇူလိုင် ၁ ရက်မှာ စတင်ပြေးဆွဲမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားကို ရန်ကုန်- နေပြည်တော်နဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်တွေ ပြေးဆွဲပေးခဲ့ပြီး ခရီသည်တွေ ကြိုက်နှစ်သက်ပြီး စီးနင်းမှု များတာကြောင့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်ကို တိုးချဲ့ပြေးဆွဲပေးရတာလို့ ဆိုပါတယ်။
DEMU လူစီးအမြန်ရထား အမှတ် ၈၃ အဆန် ခရီးစဉ်အဖြစ် ရန်ကုန်မှ မနက် ၅ နာရီစတင် ထွက်ခွာမှာ ဖြစ်ပြီး မော်လမြိုင်ကို မနက် ၁၁ နာရီ ဆိုက်ရောက်မှာဖြစ်ကာ အမှတ် ၈၄ အစုန် ခရီးစဉ်အဖြစ် မော်လမြိုင်မှ နေ့လည် ၁၂ နာရီ စတင်ထွက်ခွာမှာ ဖြစ်ပြီး ရန်ကုန်ကို ညနေ ၆ နာရီ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။
စတင်ပြေးဆွဲမယ့် အမှတ် ၈၃ အဆန် ၊ အမှတ် ၈၄ အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်း တစ်ဆိုင်းမှာ အထက်တန်းနှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိပြီး အထက်တန်းမှာ ၇၂ ဦးနဲ့ ပထမတန်းမှာ ၂၄၀ ဦး၊ စုစုပေါင်း ၃၁၂ ဦး စီးနင်းလိုက်ပါနိုင်ပါတယ်။
လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစအဆုံး အထက်တန်းအတွက် ငွေကျပ် ၂၂,၀၀၀ နဲ့ ပထမတန်းအတွက် ငွေကျပ် ၁၆,၀၀၀ တို့ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံနဲ့ပေါင်ဘူတာတို့မှာ ရပ်တန့်ပေးမှာ ဖြစ်သလို ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် ၆ နာရီသာ ကြာမြင့်မှာဖြစ်ရာ နေ့ချင်းပြန ်သွားရောက်နိုင်ပါတယ်။
အခုပြေးဆွဲမယ့် အမှတ် ၈၃ အဆန် ၊ အမှတ် ၈၄ အစုန် ခေတ်မီ DEMU လူစီးအမြန်ရထားခရီးစဉ်အတွက် ရထားလက်မှတ်တွေကို Online Railways Ticketing and Payment System (ORTP) စနစ်နဲ့ လက်မှတ်တွေ ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးအတွက် ခုနစ်ရက်နဲ့ ကြားဘူတာတွေအတွက် ငါးရက်ကြိုတင်ဝယ်ယူရမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

