ဘီးလင်း၊ ဇွန် ၂၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာမှာ အာဏာသိမ်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန် ၇ လအရွယ် အမွှာကိုယ်ဝန်ဆောင် မိခင်အပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ဘီးလင်းအခြေစိုက် အမှတ် ၃ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး နှစ်လုံး ရမ်းသမ်း ပစ်ခတ်ခဲ့တာပါ။

အာဏာသိမ်း စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် နှစ်လုံးဟာ ပဏ္ဍိကုန်းရွာနေ ကိုငယ် နေအိမ်နဲ့ ကိုမောင်လေး နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုငယ်ရဲ့ ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် အမွှာကိုယ်ဝန်ဆောင် မိခင် ဒေါ်ဇင်မာစိုး သေဆုံးပြီး ဝမ်းထဲက ကိုယ်ဝန် ၇ လအရွယ် ကလေးငယ် နှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကိုမောင်လေးရဲ့ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ မစနေမ ထိမှန်သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် သမီးဖြစ်သူ မယွန်းယွန်းနဲ့ ကိုမောင်လေးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ဒီပစ်ခတ်မှုဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှု ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ပဏ္ဍိကုန်းကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ သထုံမြို့နယ် အုပ်ချုပ်နယ်မြေမှာ ပါဝင်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသ တစ်ခု ဖြစ်သလို စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ အုပ်ချုပ်ရေး လက်လှမ်းမမီတဲ့ ဒေသ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.