မော်လမြိုင် ၊ ဇွန် ၂၅
မွန်ပြည်နယ်မှာ တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင် ပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆို အောင်မြင်ခဲ့ပေမယ့် လောင်းကစားဝိုင်းတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ရေး အဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာပါ။
ဒီအဆိုကို ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ် ငါးဦး ထောက်ခံ ဆွေးနွေးပြီးနောက် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။
လွှတ်တော်မှာ အဆိုအောင်မြင်သွားပေမယ့် လောင်းကစားဝိုင်းတွေဟာ မြေပြင်မှာတော့ ပုံမှန်အတိုင်း ဆက်လုပ်နေသလို မိုးတွင်းကာလဖြစ်တာကြောင့် မိုးလုံလေလုံရုံတွေနဲ့ လောင်းကစားဝိုင်းတွေ ဆက်လုပ်နေတာ ဖြစ်ပါတယ်။
ဘီးလင်း ဒေသခံ တစ်ဦးကတော့ လက်ရှိအချိန်ထိ လောင်းကစားဝိုင်းတွေ ဆက်လုပ်နေဆဲ ဖြစ်သလို လွှတ်တော်က ဘယ်လို ပြောပြော အစိုးရ တစ်ရပ်က အလုပ် မလုပ်တာကြောင့် လောင်းကစားဝိုင်းတွေ ပပျောက်ဖို့ မမြင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘီးလင်း ဘက်ခြမ်းမှာတော့ လုပ်နေတုန်းပဲ။လွှတ်တော်ကနေ ဘယ်လိုပဲ ပြောပြောလေ အစိုးရ တစ်ရပ်က အလုပ်လုပ်မှ ရမှာလေ။အလုပ်မလုပ်ဘဲနဲ့ တရား ဥပဒေ စိုးမိုးရေး မလုပ်ဘဲနဲ့တော့ ဘယ်လိုမှ လောင်းကစား ပပျောက်ရေးကို အဆိုအောင်တာပဲ ရှိမယ်။အစိုးရ ဆိုတာလည်း ပြည်သူ တင်မြှောက် ထားတဲ့ အစိုးရလည်း မဟုတ်ဘူး။စစ်တပ်က တစ်စိတ် တစ်ဒေသ ပါနေတဲ့ အစိုးရဆိုတော့ ဒီလောင်းကစားကတော့ ပပျောက်သွားမယ်လို့ မမြင်ဘူးပေါ့နော်”လို့ ဆိုပါတယ်။
ဒါ့အပြင် လောင်းကစားဝိုင်း ပပျောက်ဖို့ အတွက်ဆိုရင် လိုင်ကြေးယူပြီး ဖွင့်ခွင့်ပြု ထားတဲ့သူတွေကိုပါ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ လိုသလို လွှတ်တော်မှာ အဆို တင်သွင်းယုံနဲ့ လောင်းကစားဝိုင်း ပပျောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုတွေအရ လောင်းကစားဝိုင်းတွေဟာ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ ဆက်လက်လုပ်ဆောင်နေပြီး အဲဒီထဲမှာ စစ်တပ် အသွင်းပြောင်း အစိုးရ အာဏာစက်ပိုရှိတဲ့ မြို့တော် မော်လမြိုင်မှာလည်း လောင်းကစားရုံတွေ ဆက်ရှိနေတာပါ။
မုဒုံ ဒေသခံ တစ်ဦးကလည်း လောင်းကစားဝိုင်းတွေ ပိတ်ပင်ဖို့ အဆို အောင်မြင်သွားပေမယ့် ဆက်လုပ်နေတုန်းပဲဖြစ်သလို ဒုစရိုက်မှုတွေဟာဆိုရင် လောင်းကစားဝိုင်းတွေက ဖြစ်လာတာ ဖြစ်ပေမယ့် လောင်းကစားဝိုင်းတွေ ပပျောက်ဖို့ မထင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကစားဝိုင်းတွေ အာဝါဒေးဝိုင်းတွေ ကျွန်တော်တို့ မုဒုံမှာ ဆိုရင် အခုထက်ထိကို လက်ရှိ ရှိနေတုန်းပဲ။လုယက်မှုတွေ ခိုးမှုတွေ ဒုစရိုက်မှုတွေ တော်တော်များများက ဒီလောင်းကစားဝိုင်း တွေကနေ ဖြစ်လာခဲ့တယ် ဆိုတော့လေ၊ ကျွန်တော် အမြင်ကလည်း ပပျောက်နိုင်ပါ့မလား ဆိုတာပေါ့၊အတည်တော့ ပြုထားတာပေါ့၊ ဒါပေမယ့် မပပျောက် နိုင်ဘူးလို့ ကျွန်တော်က ထင်တယ်”လို့ ဆိုပါတယ်။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက ဒေသတွင်းမှာ လောင်းကစားဝိုင်းတွေ မရှိစေရေးနဲ့ ဖမ်းဆီးအရေးယူမှု အရှိန်မြှင့်ဆောင်ရွက်သွားဖို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီလို့ ပြောပါတယ်။
ဒါ့အပြင် လောင်းကစားတွေကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားဖို့၊ လောင်းကစားတွေ လျော့နည်းသွားပြီး အမြစ်ပြတ်စေရေးနဲ့ ပြန်လည် မရှိစေရေး နည်းလမ်းတွေ ဖော်ထုတ်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ ကတိပြုသွားပါတယ်။
လောင်းကစားဝိုင်းတွေ ပိတ်ပင်ရေး မွန်ပြည်နယ် လွှတ်တော်မှာ အဆို အောင်မြင်ထားပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က အဆိုကို အကောင်အထည် ဖော်ဆောင်ရွက်မှု မရှိတဲ့အပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှု ရှိနေသလို လွှတ်တော်ရဲ့ အခန်းကဏ္ဍကိုလည်း မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။
မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေကို အရင် ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တရားဝင် သဖွယ် ဖွင့်လှစ်ခွင့်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

