နေပြည်တော် ၊ ဇွန် ၂၅
အာဏာသိမ်းမှုအလွန် မြန်မာ့ပဋိပက္ခအကြား ကျောင်းနေအရွယ်ကလေးတွေရဲ့ အခြေခံပညာသင်ယူခွင့်ဟာ အကျပ်အတည်းဖြစ်နေတုန်းပဲလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ ISP Myanmar က ဇွန် ၂၃ နေ့မှာ စစ်တမ်းတစ်စောင် ထုတ်ပြန်ပါတယ်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော် ရှိနေဆဲမို့ မြန်မာ့ပညာရေးဟာ အဆင့်မီပညာရေးကို မမျှော်မှန်းနိုင်တဲ့အပြင် အခြေခံပညာရေးလက်လှမ်းမီမှုမှာတင် အကျပ်အတည်းဖြစ်နေတာပါ။
ISP Myanmar ရဲ့ အချက်အလက်တွေအရ အခြေခံပညာကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၇ သန်းသာရှိခဲ့ပြီး အခြေခံပညာသင်ယူရမယ့် ကျောင်းနေအရွယ်ဦးရေ ၁၃ သန်းဝန်းကျင်နဲ့ တွက်ချက်ရင် ပညာသင်နှစ် တစ်နှစ်တည်းမှာပင် အခြေခံပညာသင်ယူခွင့်ဆုံးရှုံးသူ ထက်ဝက်နီးပါး ရှိခဲ့ပါတယ်။
လက်ရှိ ပညာသင်နှစ်ကစလို့ အစိုးရကျောင်းတွေမှာ အတန်းဝင်ခွင့်စာမေးပွဲ (placement test) တွေကို အသက် ၁၅ နှစ်အထိပဲ ကန့်သတ်ထားပြီး မူလတန်းနဲ့ အလယ်တန်းကို အဓိကရည်ရွယ်ထားတာကြောင့် အထက်တန်းအရွယ် ကျောင်းပြန်တက်ချင်သူတွေအတွက် အကျပ်ဆိုက်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်ရင်း တခြားဒေသကိုရောက်လာတဲ့ ကျောင်းသူကျောင်းသားတွေဟာ ကျောင်းထွက်လက်မှတ်မရှိတာ၊ ကျောင်းပြောင်းလက်မှတ် ထုတ်မရနိုင်တာတွေကြောင့် ကျောင်းမအပ်နိုင်ဘဲ အခက်အခဲဖြစ်နေကြတာပါ။
ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကလည်း အစားထိုးပညာရေးအတွက် နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြပေမယ့် စစ်ရေးအခြေအနေ၊ အခြေခံအဆောက်အအုံ လိုအပ်ချက် စတာတွေကြောင့် အကန့်အသတ်တွေ ရှိနေပြီး အင်တိုက်အားတိုက် မလုပ်နိုင်ဘူးလို့ ISP Myanmar က ထောက်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ပညာရေးအစီအမံအဖြစ် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် မြေပြင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသား ၇၂၇,၈၆၀ ဦးကို ပညာသင်ပေးနေတာပါ။ ဒါပေမဲ့ လက်ရှိ ပညာသင်နှစ်မှာတော့ ဘယ်လိုအစီအမံတွေ ရှိလည်းဆိုတာ မသိရသေးပါဘူး။
ဒီအပေါ် သံလွင်တိုင်းမ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူထံ အခြေခံပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ စီမံထားလဲဆိုတာ သိရှိနိုင်ဖို့ ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
တအာင်းပြည်ပညာရေးကောင်စီ TLEC ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းသူကျောင်းသား ၇၀,၀၀၀ နီးပါးကို ပညာသင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က မြို့တွေပြန်သိမ်းတာ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အခုပညာသင်နှစ်မှာတော့ စာသင်ကျောင်း ၂၀၀ ဝန်းကျင် ပိတ်လိုက်ရသလို ကျောင်းအပ်နှံတဲ့အရေအတွက်ကလည်း ၅၀,၀၀၀ ဝန်းကျင်ပဲ ရှိတယ်လို့ ISP Myanmar ရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။
မြန်မာ့ပညာရေးဟာ အာဏာမသိမ်းခင်တုန်းကလိုမျိုး ပြန်ဖြစ်ဖို့ ခက်ခဲနေဦးမှာဖြစ်ပြီး စီးပွားရေးအဆင်မပြေလို့ အိမ်ကို ကူဖို့နဲ့ ကျောင်းစရိတ် မတတ်နိုင်တာတွေ စစ်ဘေးပဋိပက္ခကြောင့် ကျောင်းကို စွန့်ခွာရသူတွေ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ကျောင်းကို စွန့်ခွာရသူတွေ အများအပြားရှိနေတာပါ။
တစ်ဘက်မှာ စစ်တပ် အသွင်းပြောင်း အစိုးရက ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘတ်ဂျက်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၉၂ ရာခိုင်နှုန်း သုံးမယ်လို့ ဦးမင်းအောင်လှိုင်က ထုတ်ပြောထာပြီး လာမယ့်ဘဏ္ဍာနှစ်မှာတော့ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးသုံးမယ်လို့ ဆိုပါတယ်။
သူဦးဆောင်တဲ့ အစိုးရသက်တမ်း ငါးနှစ်အတွင်း ၂၀ ရာခိုင်နှုန်းအထိ ရောက်အောင် တိုးသွားမယ်လို့ ဆိုထားပေမယ့် ပညာရေးကဏ္ဍအတွက် လက်ရှိသုံးစွဲမှုဟာ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ သုံးစွဲခဲ့တဲ့ ၈ ရာခိုင်နှုန်းကျော်ကိုတောင် ပြန်မရောက်သေးဘူးလို့ ISP Myanmar က ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

