တနင်္သာရီ၊ ဇွန် ၂၅

မိုးတွင်းကာလရောက်ရှိလာတာနဲ့အမျှ တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အအများစုမှာ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေလလယ်မှစတင်ပြီး တနင်္သာရီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာ လေပြင်းတိုက်ခိုက်မှုတွေ ကြုံတွေ့နေရနေမယ့် နှစ်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုတိုးလာခဲ့တာပါ။

မေလအတွင်းက တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ မိုင်းဆွဲတိုက်ခိုက်မှုအကြိမ်ရေ ၆၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုဟာ ထိုင်းမြန်မာနယ်စပ် မောတောင်မြို့ကို သွားရာလမ်းနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်ဦးရေ ၉၃၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း မိုးတွင်းကာလ ရောက်ရှိလာတာကြောင့် စစ်ဘေးရှောင်အများစုဟာ မိုးထဲလေထဲမှာ ရက်ရှည် တိမ်းရှောင်နေရတာကြောင့် ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါဟာ တစ်ရွာမှာ ၁၀ ယောက်နှုန်း ဖြစ်ပွားနေတယ်လို့ FE5 Thanintahryi ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အာဏသိမ်း စစ်တပ်ရဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေကြောင့် ငှက်ဖျားရောဂါနဲ့ ပတ်သက်တဲ့ ဆေးစစ်ကိရိယာတွေ လိုအပ်နေပြီး အထွေထွေဆေးဝါးတွေလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းရဲ့ အခုနှစ် မိုးရာသီကာလဟာ အရင်နှစ်တွေနဲ့မတူဘဲ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် ဒေသခံတွေ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်မှုတွေကြောင့် ကျန်းမာရေးပြဿနာတွေပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း တနင်္သာရီတိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၈၃၇၀၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.