နေပြည်တော် ၊ ဇွန် ၂၁
နိုင်ငံရေးမတည်ငြိမ်မှုတွေ မဖြစ်အောင် စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့အညီပဲ သွားလို့ရတာမို့ ပြည်သူတွေ စိတ်ချမ်းသာအောင် လုပ်ပေးရမယ်လို့ အာဏာသိမ်းစစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့ခရီးစဉ်အတွင်း ဇွန် ၁၉ ရက်နေ့က ဟန်ကျိုးမြို့မှာ မြန်မာပြည်တွင်းက သတင်းမီဒီယာတွေရဲ့ တွေ့ဆုံမေးမြန်းမှုအပေါ် ဖြေကြားခဲ့တာပါ။
နိုင်ငံရေးကို ခိုင်မာအောင် လုပ်ဖို့ လိုအပ်တဲ့အပေါ် ပြည်သူတွေ ယုံကြည်မှုရှိအောင် ပူးပေါင်းဆောင်ရွက်မှုရှိဖို့ ပြည်သူလူထုရဲ့ အတွေးအခေါ်တွေ လိုက်ပါနိုင်အောင် လုပ်ဆောင်ပေးရမယ်လို့ ဆိုပါတယ်။
ပြုပြင်ပြောင်းလဲရမယ့် လုပ်ငန်းတွေလည်း အများကြီးရှိတဲ့အပေါ် တစ်နှစ် နှစ်နှစ် လေးငါးနှစ်နဲ့ မရဘဲ ၁၀ နှစ် ၁၅ နှစ်လောက် ကြိုးစားရမှာဖြစ်ပြီး နိုင်ငံသားတိုင်းအနေနဲ့ တိုင်းပြည်ကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုတယ်လို့ သူက ပြောဆိုခဲ့တာပါ။
ပြည်သူတစ်ဦးက လက်ရှိ အုပ်ချုပ်နေသူတွေကိုယ်တိုင် နိုင်ငံနဲ့ ပြည်သူကို ချစ်ရမှာဖြစ်ပြီး တချို့အရာတွေကို နားလည်ခွင့်လွှတ်ပေးနိုင်ရမှာဖြစ်သလို ဝေဖန်တာကိုလည်း ခံနိုင်ရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံချစ်စိတ်ဖြစ်လာအောင် လုပ်ဖို့ဆိုတာ နိုင်ငံကို လက်ရှိ အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေက သူတို့ကိုယ်တိုင်က နိုင်ငံနဲ့ ပြည်သူကို ချစ်ရမယ်လေ။ နိုင်ငံနဲ့ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအဖွဲ့ဖြစ်တဲ့အတွက် ဒီနိုင်ငံနဲ့ ပြည်သူတွေ လိုအပ်တဲ့မှန်သမျှကို မဖြစ်နိုင်တာတွေတော့ မဟုတ်ဘူး။ ဖြစ်နိုင်တာ လူတွေ ယထာဘူတကျကျ နေ့စဉ် သုံးနှုန်းနိုင်တဲ့ သုံးစွဲနိုင်တဲ့ အရာတွေကို သူတို့ ဖြည့်စွမ်းပေးနိုင်ရမယ်၊ နားလည်ပေးနိုင်ရမယ်၊ တချို့အရာတွေ ခွင့်လွှတ်ပေးနိုင်ရမယ်။ ပြီးတော့ တိုင်းပြည်က ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဆိုရင် ကိုယ်မကောင်းတာ ကိုယ့်ကို ဝေဖန်တာ ပြောပြတာကို ခံနိုင်ရမယ်။ လက်နက်အားကိုးနဲ့ လူအားကိုးနဲ့ လူရမ်းကားတွေကို ပညာမဲ့တွေ မွေးပြီးတော့ ပြည်သူတွေကို နှိပ်ကွပ်ပြီးတော့မှ အခုလို စကားလုံးတွေ သုံးတာက သူတို့မို့ မရှက်တတ်တာပေါ့”လို့ ဆိုပါတယ်။
စစ်တပ်အနေနဲ့ အာဏာသိမ်းမှု ၅ နှစ်တာအတွင်း သူတို့ကို ဆန့်ကျင်တယ်ဆိုတဲ့ ပြည်သူတွေကို အမျိုးမျိုးသော ဖိနှိပ်မှုယန္တရားတွေနဲ့ ဖမ်းဆီးတာ သေဒဏ်ပေးတာ ထောင်ဒဏ်ချတာ သတ်ဖြတ်တာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ကျူးလွန်ခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ပုံဖော်နေပေမယ့် ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲလို့ သုတေသနအဖွဲ့တွေရဲ့ အချက်အလက်တွေက ဖော်ပြနေတာပါ။
အသွင်ပြောင်းစစ်အစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း အရပ်သားပစ်မှတ်ကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေသလို လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ကန့်သတ်ထားပြီး အွန်လိုင်းကနေ ဝေဖန်ရေးသားသူတွေကိုလည်း ဖမ်းဆီးအရေးယူနေတာ ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ နိုင်ငံသားတိုင်း ခံစားချက်ရှိနေလို့ရှိရင် ပြဿနာရှာနေမှာဖြစ်ပြီး ပြဿနာရှာလို့ အခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်တာလို့ ပြောပါတယ်။ ဒါဟာ မဲမသမာမှုကြောင့် အာဏာသိမ်းရပါတယ်ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ ဇာတ်ညွှန်းကို ဒီတစ်ကြိမ်မှာ ချန်လှပ်ခဲ့ပုံရပါတယ်။
သူတို့ အစိုးရအနေနဲ့ နိုင်ငံရေးတည်ငြိမ်အောင် နိုင်ငံသားတိုင်း ပြဿနာမရှာအောင် လုပ်ဖို့ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့အညီပဲ သွားလို့ရတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာအောင် လုပ်ပေးရမှာဖြစ်ပြီး ဒါဟာ အဖြေပဲလို့ ဆိုပါတယ်။
နောက်ထပ် ပြည်သူတစ်ဦးကလည်း အာဏာပြပြီး ငွေညှစ်တာတွေ မလုပ်အောင် အောက်ခြေအထိ အကောင်အထည်ဖော်ဖို့ လိုသလို ပြည်သူတွေ လွတ်လပ်စွာ ပြောဆိုလို့ နေထိုင်လို့ရမယ်ဆိုရင် အဆင်ပြေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကတော့ ဒီဟာကို အောက်ခြေအထိ အကောင်အထည်ဖော်နိုင်ဖို့ လိုတယ်။ ဥပမာ ဌာနဆိုင်ရာတွေဆိုရင်လည်း ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ ကိစ္စမှာ ထိထိရောက်ရောက် ဝန်ဆောင်မှုပေးဖို့ ၊ ဒီဟာကို အာဏာပြပြီးတော့ တခြား ငွေညှစ်တာတို့ ဘာတို့ မလုပ်ဖို့ပေါ့။ အဓိက ပြည်သူစိတ်ချမ်းသာအောင် လုပ်ပေးမယ်ဆိုရင် ပြည်သူတွေက အနည်းနဲ့အများ ထောက်ခံကြမှာပဲ။ အဓိက ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ပြည်သူကို ထမင်းဝအောင် ကျွေးမယ် ပြည်သူကို စိတ်ချမ်းသာအောင် ထားမယ်၊ ပြည်သူတွေက လွတ်လွတ်လပ်လပ် ပြောဆိုလို့ရမယ်၊ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရှိမယ်၊ လွတ်လပ်စွာ နေထိုင်လို့ရမယ်ဆိုရင်တော့ တော်တော်များများ အဆင်ပြေပါတယ်”လို့ ဆိုပါတယ်။
အာဏာသိမ်းမှုကို အရင်းခံပြီး အပိုင်းလိုက်ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဘဲ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အမြဲတစေ ကြွေးကြော်လေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် ကောင်းကောင်းမွန်မွန် မတိုးတက်တဲ့အတွက်ကြောင့် ဒီလိုအခြေအနေတွေ ဖြစ်လာခဲ့တာကိုလည်း သူက အပြစ်ဖို့ထားတာပါ။
ဒါဟာ သူ့ရဲ့ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့မှုကြောင့်ဆိုတာကိုတော့ လျစ်လျူရှုခဲ့ပါတယ်။
သူတို့အစိုးရအနေနဲ့ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်သွားမယ်ဆိုရင် နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ ပါဝင်မှုဟာ မူလအခြေအနေတွေထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ဦးမင်းအောင်လှိုင်က ယူဆထားတာပါ။
ဒါပေမယ့် လက်ရှိအချိန်အထိတော့ နိုင်ငံတကာအသိုင်းအဝိုင်းထဲက အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေအပါအဝင် ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ ကုလသမဂ္ဂတို့က စစ်အစိုးရကို နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုခြင်းတော့ မရှိသေးပါဘူး။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-PPBI

