ကျောက်ကြီး၊ ဇွန် ၂၂
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်း တပ်သား ၁၆ ဦး အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ ပေါက်ခေါင်းမြို့နယ်အခြေစိုက် အမှတ် ၅၃ ခြေမြန်တပ်ရင်းက စစ်မှုထမ်း တပ်သား ၁၁ ဦးဟာ ထွက်ပြေးလာပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၃ ထံ အလင်းဝင်ခဲ့တာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် ၅၉၅ ခြေလျင်တပ်ရင်းက စစ်မှုထမ်း တပ်သား ငါးဦးဟာလည်း KNDO တပ်ရင်း ၃ ထံ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ၁၆ ဦးဟာ ကျောက်ကြီးမြို့နယ် အခြေစိုက် ရှေ့တန်းစခန်းတွေမှာ တာဝန်ကျနေစဉ် KNU ထံ ဆက်သွယ်အလင်းဝင်လာတာပါ။
အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားတွေဟာ မိမိဆန္ဒမပါဘဲ အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူတွေဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရတဲ့ တပ်သားတွေ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံကို အလင်းဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

