မော်လမြိုင် ၊ ဇွန် ၁၂
မွန်ပြည်နယ် လွှတ်တော်မှာ ပြည်သူတွေရဲ့ အသံကို ပိုမိုထိရောက်စွာ နားထောင်ပေးနိုင်ဖို့အတွက် တိုင်ကြားစာ ကော်မတီ ဖွဲ့စည်းပြီး တိုင်ကြားစာတွေ လက်ခံသွားမယ်လို့ စစ်အစိုးရရဲ့ ပြည်နယ်လွှတ်တော်ဘက်က အသိပေးထုတ်ပြန်ပါတယ်။
ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ဒီကော်မတီဟာ ပြည်သူတွေရဲ့ တိုင်ကြားစာ၊ အသနားခံစာတွေကို ပိုမိုထိရောက် အားကောင်းစွာ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ကော်မတီ ဖွဲ့စည်းပြီးပါက တိုင်ကြားစာတွေကို လက်ခံတာ၊ စိစစ်တာ၊ ကွင်းဆင်း ဆောင်ရွက်တာ၊ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်တာနဲ့ တိုင်ကြားစာတွေအပေါ် ကော်မတီရဲ့ သဘောထား မှတ်ချက်နဲ့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
ဒေသခံ တစ်ဦးကတော့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေအပေါ် လွှတ်တော်ဘက်က ဘယ်လို တာဝန်ယူမှု၊တာဝန်ခံမှုနဲ့ ဖြေရှင်းဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပေမယ့် အယုံအကြည်တော့ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးကတော့ လွှတ်တော်ရဲ့ အဓိက တာဝန် ဖြစ်တဲ့ ဥပဒေပြုတာ၊ အပြန်အလှန် ထိန်းကျောင်းတာနဲ့ ကိုယ်စားပြု ပြည်သူ့ အသံ နားထောင်တာ စတဲ့ တာဝန်တွေထဲက ပြည်သူ့ အသံကို ကျယ်ပြန့်စွာ နားထောင်ဖို့ အခုလို ကော်မတီ ဖွဲ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ ကော်မတီဟာ ပြည်သူတွေရဲ့ တိုင်ကြားစာ အပေါ် မြေပြင် ကွင်းဆင်း ဆောင်ရွက်ပေးတာ၊ တွေ့ဆုံဆွေးနွေးတာ၊ လွှတ်တော်မှာ မေးခွန်းမေးမြန်းပေးတာအပြင် အစိုးရ အဖွဲ့နဲ့ ညှိနှိုင်း ဆောင်ရွက် ပေးတာတွေ ရှိခဲ့တာပါ။
လက်ရှိ စစ်အစိုးရရဲ့ မွန်ပြည်နယ်လွှတ်တော်မှာတော့ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၊ ပြည်သူ့ ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီနဲ့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအပါအဝင် ကော်မတီ ငါးခု ဖွဲ့စည်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

