နေပြည်တော် ၊ ဇွန် ၁၂

အရပ်သားအသွင်ပြောင်း စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လာပါတယ်။

အဲဒီတွေ့ဆုံမှုတွေအတွင်း ဆွေးနွေးညှိနှိုင်းရရှိမှုတွေကို မှတ်တမ်းတင်ရာမှာ ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ပြီး NCA ပါ သဘောတူညီချက်တွေကို အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်ရေးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် NCA လမ်းကြောင်းကနေ ထွက်ခွာသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို နားလည်လက်ခံပြီး NCA လုပ်ငန်းစဉ်တွေမှာ ပြန်လည်ပါဝင်လာနိုင်စေရေးကိုလည်း ဆွေး‌နွေးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က နိုင်ငံရေးဖြေလျှော့မှုနဲ့ ကြိုတင်ကန့်သတ်ချက်မပါတဲ့ အပစ်ရပ်ကြေညာတာမျိုးတွေ လုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဘက်ကလည်း တင်ပြတာတွေ ရှိတယ်။ အစိုးရအနေနဲ့ နိုင်ငံရေးဖြေလျှော့မှုတွေ ဘာတွေ လုပ်ဖို့ နောက်ပြီး ဘာမှကြိုတင်ကန့်သတ်ချက်တွေ မပါတဲ့ အပစ်ရပ်ကြေညာနိုင်အောင် အဲဒါမျိုး တိုက်တွန်းမှုတွေလည်း ရှိတယ်။ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်တဲ့အခါကျရင် ပုံသေကားချပ်တစ်ခုတည်း မဟုတ်ဘဲနဲ့ ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းနဲ့အညီ ပြုလွယ်ပြင်လွယ်ဖြစ်တဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ကိုလည်း ကျွန်တော်တို့ အဆိုပြုပြောဆိုခဲ့တာတွေ ရှိပါတယ်”လို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာလည်း ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ မပါတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာချက် ထုတ်ပြန်နိုင်ရေးနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားတာပါ။

အာဏာသိမ်း သမ္မတ ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို ဦးတည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာတော့ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်တွေ မထားတဲ့ ဆွေးနွေးပွဲတွေ ကျင်းပဆောင်ရွက်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။

ဒီအပေါ် အပစ်ရပ်ထိုး အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့ နဲ့ စစ်အစိုးရရဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC တို့ ဇွန် ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ နေပြည်တော်ရှိ M Gallery ဟိုတယ်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး စောကျော်ညွန့်ပြောတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ စတင်လုပ်ဆောင်လို့ ရနိုင်မလဲဆိုတဲ့ နှစ်ဘက်စဉ်းစားချက်ကို အပြန်အလှန်မျှဝေတာဖြစ်ပြီး အကျေအလည်ဆွေးနွေးညှိနှိုင်းတဲ့ အဆင့်တော့ မ‌ရောက်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိ အခြေအနေနဲ့အညီ အဆင့်ဆင့် လုပ်ဆောင်ဖို့နဲ့ သက်ဆိုင်သူတွေအားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်လာအောင် တဖြည်းဖြည်း ကြိုးပမ်းဆောင်ရွက်ဖို့ စဉ်းစားချက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီရက် ၁၀၀ အတွင်းမှာ ကျွန်တော်တို့က ငြိမ်းချမ်းရေးစကားပြောတဲ့ အစပျိုးမှုကို စတင်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းကို တကယ်ကျော်လွှားဖို့ လိုအပ်တဲ့ ဆွေးနွေးမှုမျိုးတွေ တရားဝင်ပဲဖြစ်ဖြစ် အလွတ်သဘောပဲ ဖြစ်ဖြစ် နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ လုပ်ရမယ့် ဖြစ်စဉ်ကတော့ အများကြီး ရှည်လျားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဆွေးနွေးပွဲကိုတော့ NSPNC ဘက်က ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ တက်ရောက်ကြပြီး အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၇ ဖွဲ့ဘက်ကတော့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဝင်တွေ တက်‌ရောက်ကြပါတယ်။

အဲဒီထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး (၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာနဲ့ အခြားကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။

အာဏာသိမ်း သမ္မတ ဦးမင်း‌အောင်လှိုင်က ဇူလိုင် ၃၁ ရက်နေ့ မတိုင်ခင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့တာပါ။

တစ်ဘက်မှာတော့ စစ်အစိုးရရဲ့ လက်အောက်ခံ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ တန်ပြန်ထိုးစစ်ဆင်မှုကို အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေက စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ အပြောနဲ့လက်တွေ့ မကျဘူးလို့ ထုတ်ပြောထားကြတာပါ။

လက်ရှိ အခြေအနေမှာလည်း စစ်အစိုးရနဲ့ တော်လှန်ရေးအင်အားစုတို့ကြား တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.