နေပြည်တော် ၊ ဇွန် ၁၁
အာဏာသိမ်းမှုအတွင်း စစ်တပ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သဘောတူညီချက်ရရှိထားတဲ့ ၄၃ ချက်ကို စစ်အစိုးရရဲ့ လွှတ်တော်မှာ တင်ပြဖို့ ရှိနေတယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေကနေ သိရပါတယ်။
စစ်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၇ ဖွဲ့ရဲ့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်နေ့မှာ နေပြည်တော်ရှိ M Gallery ဟိုတယ်မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
အဲဒီတွေ့ဆုံမှုအတွင်း အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက်ကို လွှတ်တော်ကို တင်ပြနိုင်ရေး လုပ်ဆောင်နေတယ်လို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
အဲဒီ ၄၃ ချက်ဟာ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC အပါအဝင် အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သဘောတူညီထားတဲ့ အချက်တွေဖြစ်ပါတယ်။
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့ တပ်ချုပ်ရာထူးနဲ့ နောက်ဆုံးအကြိမ် တက်ရောက်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ အသိပေးပြောကြားထားတာပါ။
ဖွဲ့စည်းပုံပြင်ဆင်တဲ့ အချက်တွေထဲမှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတကနေ တိုက်ရိုက်ရွေးချယ်ခန့်အပ်နိုင်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်မယ်ဆိုတဲ့အချက်ကိုသာ NSPNC နဲ့ နိုင်ငံရေးပါတီတွေဘက်က အတည်ပြုထားကြတာပါ။
ပုဒ်မ ၂၆၁ ကို စစ်အစိုးရရဲ့ လွှတ်တော်မှာ ပြင်ဆင်နိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတကနေ ရွေးချယ်ခန့်အပ်ပေးတာမျိုး မဟုတ်တော့ဘဲ သက်ဆိုင်ရာ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကပဲ တိုက်ရိုက်ရွေးချယ်ခန့်အပ်ဖို့ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဒေသခံတစ်ဦးက တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ဒေသခံ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကနေ တင့်တယ်တဲ့လူကို တင်မြှောက်တာဟာ အသင့်တော်ဆုံးပဲလို့ ပြောပါတယ်။
“ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံကို သွားနေတယ်လို့ ပြောပြီးတော့ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရဖြစ်ပြီး သက်ဦးစံပိုင်ဘုရင်စနစ်လိုပဲ ဟိုဟာလည်း သူပဲခန့် ဒီဟာလည်း သူပဲခန့် ဒီဟာလည်း သူပဲ စီမံခန့်ခွဲဆိုတဲ့ဟာကြီးကတော့ သိပ်တော့ သဘာဝမကျဘူးပေါ့။ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို တိုင်းနဲ့ ပြည်နယ်မှာ ရှိတဲ့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကနေ တင့်တယ်တဲ့လူကို ရွေးချယ်တင်မြှောက်တယ်ဆိုရင်တော့ ဒါက အဲဒီ ရွေးချယ်တင်မြှောက်ခံရတဲ့လူကလည်း သူ့ကိုယ်ကျိုး သူ့ဟာသူ ရှာတယ်ဆိုရင်တော့လည်း မတတ်နိုင်ဘူး။ တကယ်တမ်းကျ သူ့ပြည်နယ်နဲ့ လိုက်လျောညီရှိမယ့်လူ ကိုယ့်ပြည်နယ်သူပြည်နယ်သားတွေကို အကျိုးပြုမယ့်လူ ပြည်နယ်အပေါ် ချစ်စိတ်နည်းနည်းရှိတဲ့လူဆို ပိုပြီး သင့်တော်မှာပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့အပေါ် အလွတ်သဘောဆွေးနွေးနေကြတာပါ။
ဆွေးနွေးပွဲကိုတော့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ တက်ရောက်ကြပြီး အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၇ ဖွဲ့ဘက်ကတော့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။
အဲဒီထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး (၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာနဲ့ အခြားကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

