ပုလော၊ ဇွန် ၄
တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် ကျောက်လုံးကြီးစခန်း ပြန်ရဖို့ စစ်တပ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျောက်လုံးကြီးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဟာ ဗျူဟာကုန်းအဖွဲ့နဲ့ပူးပေါင်းပြီး ကျောက်လုံးကြီးစခန်းကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး လေကြောင်းကနေလည်း နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကျောက်လုံးကြီးစခန်း ပြန်ရဖို့ စစ်တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် ဇွန် ၃ ရက်နေ့ ညနေပိုင်းအထိ စခန်း ပြန်မရသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ကျောက်လုံးကြီးစခန်းဟာ တနင်္သာရီမြစ်ကြောင်းတလျှောက်ကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ အရေးပါတဲ့နေရာဖြစ်တဲ့အတွက် ဗျူဟာအမိန်နဲ့ စခန်းပြန်ရဖို့ အပြင်းအထန် ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
ကျောက်လုံးကြီးစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စခန်း စွန့်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

