ကျိုက်ထို၊ ဇွန် ၅
မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၄ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ ကော့စနိုင်ရပ်ကွက်က “ရွှေချိူးဖြူ” လက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက် ၄၇ နှစ်အရွယ် ဦးကျော်စွာကို သေနတ်သမား နှစ်ဦးက ဆိုင်ထဲဝင်ပြီး သေနတ်နဲ့ ပစ်ခတ်သွားတာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးကျော်စွာဟာ သေနတ်ဒဏ်ရာ ခြောက်ချက် ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ ဦးကျော်စွာဟာ စစ်တပ်၊ ရဲအပါအဝင် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ငွေကြေးကောက်ခံတာ၊ သတင်းပေးတာတွေ လုပ်ဆောင်တာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဦးကျော်စွာ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်က လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်တပ်လော်ဘီတွေကတော့ ဦးကျော်စွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေ လာရောက်ပစ်သတ်သွားတာ ဖြစ်တယ်လို့ ဝါဒဖြန့်ရေးသားဖော်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

