နေပြည်တော် ၊ ဇွန် ၅
စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံစီးပွားရေးတိုးချဲ့နိုင်ရေး တည်ငြိမ်မှဖြစ်မှာမို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပူးပေါင်းကြဖို့ ဇွန် ၃ ရက်နေ့က ထုတ်ပြောလာပါတယ်။
အာဏာသိမ်း သမ္မတရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဝန်ကြီးချုပ် မိုးဒီရဲ့ ဖိတ်ကြားချက်နဲ့ မေ ၃၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပြီး နေပြည်တော်ကို ပြန်လည်ရောက်ရှိချိန်မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာပါ။
ဦးမင်းအောင်လှိုင်က နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့နိုင်ဖို့ နယ်ပယ်အသီးသီးမှာ ဆွေးနွေးနိုင်ခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက် နှစ်ဖက်ပူးတွဲကြေညာချက်လည်း ထုတ်ခဲ့တာရှိတယ်လို့ ပြောပါတယ်။
ဒီလိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းမှသာ လုပ်လို့ရမှာ ဖြစ်တာကြောင့် အိန္ဒိယနယ်စပ်မှာရှိတဲ့ သက်ဆိုင်သူတွေအနေနဲ့ တိုင်းပြည်ကောင်းစေချင်ရင် ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ရဲ့ သဘောထားတွေ ပြန်လည်သုံးသပ်ပြီး တိုင်းပြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းပြည်ကောင်းအောင် ကြိုးစားဆောင်ရွက်သွားဖို့ လိုလိမ့်မယ်လို့ အာဏာသိမ်း သမ္မတက ပြောကြားထားတာပါ။
အလားတူ အကြောင်းအမျိုးမျိုးကြောင့် တည်ငြိမ်မှုထိခိုက်နေတဲ့ တခြားနယ်မြေတွေမှာရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း တိုင်းပြည်အတွက် ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပူးပေါင်းကြမယ်ဆိုရင် တိုင်းပြည် တိုးတက်မှာ သေချာတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက စစ်ခေါင်းဆောင်အနေနဲ့ တကယ် ငြိမ်းချမ်းရေးရချင်ရင် အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန့်ပြီး အပြောအဆို အလုပ်အကိုင်တွေကို လက်တွေ့ကျကျ လုပ်ဖို့ လိုတယ်လို့ တုံ့ပြန်ပါတယ်။
“ကျနော်တို့ရဲ့ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ မတရား ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေတာဟာ အကြမ်းဖက်ဖက်ဆစ် စစ်ခေါင်းဆောင်အနေနဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာသာ ဖြစ်ပါတယ်။ တကယ် ငြိမ်းချမ်းရေးရချင်ရင် အကြမ်းဖက်စစ်ခေါင်းဆောင်အနေနှင့် အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန့်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ထိုက်တန်တဲ့အပြုအမူ အပြောအဆို အလုပ်အကိုင်တွေကို တကယ် လက်တွေ့ကျကျလုပ်ဖို့ လိုပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီကလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက အားလုံးပါဝင်တဲ့ ဆွေးနွေးရေးကို စစ်တပ်ဘက်က ဘက်လောက် လက်ခံနိုင်သလဲဆိုတာ ပိုပြီး အရေးကြီးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုစစ်တပ်ရဲ့ ရက်ပေါင်း ၁၀၀ အတွင်း တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်အပေါ်မှာ ကျွန်တော်တို့ဘက်ကတော့ ဒီလိုမျိုး ရပ်တည်ချက်ရှိပါတယ်။ ASEAN ရဲ့ Five-Point Consensus ထဲက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ဟာ ရှိပါတယ်။ အဲဒါ ကျွန်တော်တို့က လက်ခံထားပြီးသား။ အဲဒီအပေါ်မှာ စစ်တပ်ဘက်ကနေ ဘယ်လောက် လက်ခံနိုင်သလဲဆိုတာပဲ ပိုပြီးတော့ အရေးကြီးမယ် ထင်ပါတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီမှာ အာဏာသိမ်း စစ်အစိုးရက ဇူလိုင် ၃၁ ရက်နေ့မတိုင်ခင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။
အဲဒီထဲမှာ NCA လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းမှု ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးခြင်း မရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ကို နာမည်တပ်ပြီး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အပေါ် အခြေခံထားတဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက ပယ်ချထားကြတာပါ။
ဒီအခြေအနေမှာ အာဏာသိမ်း သမ္မတရဲ့ အိန္ဒိယခရီးစဉ်အတွင်း ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း အပြီးသတ်နိုင်ရေးအတွက် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေပါတယ်။
ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကနေ ချင်းပြည်နယ် ပလက်ဝကုန်တင်ဆိပ်ကမ်းကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရေကြောင်းကုန်းကြောင်းနဲ့ ဆက်သွယ်တာဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီစီမံကိန်းရဲ့ နေရာအများစုမှာ ပြီးစီးသွားပေမယ့် ပလက်ဝမြို့ကနေ အိန္ဒိယနယ်စပ်အထိ ဆက်သွယ်မယ့် အဝေးပြေးကားလမ်းစီမံကိန်းဟာ နှစ်ဘက်တိုက်ပွဲကြောင့် မပြီးစီးသေးတဲ့ အခြေအနေပါ။
အဲဒီစီမံကိန်းနယ်မြေအများစုဟာ AA နဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်တွေမြို့ရှိ ရေနက်ဆိပ်ကမ်းကို အခြေပြုထားတာဖြစ်လို့ အဲဒီမြို့ကိုပါ AA က သိမ်းပိုက်နိုင်ခဲ့ရင် ကုလားတန်စီမံကိန်းဟာ AA ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားမယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။
ဦးခိုင်သုခကတော့ “ကုလားတန်စီမံကိန်းနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ သဘောထားကို အကြိမ်ကြိမ် ထုတ်ပြောထားပြီးဖြစ်ပါတယ်။ အခုလဲ အရင်သဘောထားအတိုင်းပါဘဲ ၊ ဘာမှအပြောင်းအလဲမရှိပါဘူး။ အဲဒီကုလားတန်စီမံကိန်းကို မြန်နိုင်သမျှ အမြန်ပြီးစေချင်တယ်၊ အဲဒီအတွက် ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လုပ်ပေးနိုင်တာ အားလုံးကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ပတ်သက်ပြီး လုံခြုံရေးအရ တချို့နေရာတွေမှာ ရပ်တန့်ထားရပေမယ့် လက်ရှိမှာ နယ်မြေရှင်းလင်းနေပြီမို့ မကြာခင်မှာ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့ ကလေး-တမူးလမ်းကြောင်းကို ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ DD India နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ဦးမင်းအောင်လှိုင်က ဖြေကြားခဲ့ပါတယ်။
အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့နဲ့ စစ်ကိုင်းတိုင်း တမူးမြို့ကနေတဆင့် ကလေးဝ-ယာကြီးလမ်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မြဝတီမြို့ လမ်းကြောင်းကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

