နေပြည်တော် ၊ ဇွန် ၄

သေဒဏ်အထိ ချမှတ်နိုင်င်တဲ့ ကျားဖြန့်တိုက်ဖျက်ရေးဥပဒေကြမ်းကို တတိယကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ အရပ်သားအသွင်ပြောင်း စစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက တင်သွင်းခဲ့ပါတယ်။

ကျားဖြန့်နဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်အစိုးရက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့မှာ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေကနေ အသိပေးထုတ်ပြန်ခဲ့တာပါ။

လက်ရှိ ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်မှာ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး အဲဒီဥပဒေကို ပြဌာန်းလိုက်ရင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဘဏ်နဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ အီလက်ထရောနစ်ငွေပေးချေမှု ဝန်ဆောင်မှုပေးသူတွေ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူတွေကြား သံသယဖြစ်ဖွယ်အကောင့်တွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ဆက်သွယ်ရေးဆိုင်ရာအချက်အလက်တွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ အပြန်အလှန် ဖလှယ်နိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုတွေကို ကြိုတင်တားဆီးနိုင်မယ့်အပြင် ကျူးလွန်ခံရသူရဲ့ ဆုံးရှုံးသွားတဲ့ ငွေကြေးစီးဆင်းမှုတွေကို အာဆီယံရဲတပ်ဖွဲ့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အချိန်မီပိတ်သိမ်းတာတွေ လုပ်ဆောင်နိုင်မယ်လို့ သူက အဆိုတင်သွင်းချိန်မှာ ပြောကြားထားတာပါ။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးအောင်လင်းဒွေးက အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် ပြင်ဆင်လိုတဲ့ အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်း တင်သွင်းနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းဟာ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံအတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံအစိုးရတွေနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိုင်ဖို့နဲ့ အွန်လိုင်းလိမ်လည်မှုကြောင့် အများပြည်သူထိခိုက်နစ်နာ ဆုံးရှုံးမှုကို တားဆီးကာကွယ်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဒါ့အပြင် နယ်စပ်ဒေသတွေကဆင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းတွေကို ကျူးလွန်တဲ့အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေခြင်းကနေ ကာကွယ်နိုင်ရေးလည်း ပါဝင်ပါတယ်။

ဥပဒေကြမ်းမှာတော့ တားမြစ်ချက်တွေ အများအပြားကို ထည့်သွင်းထားပြီး အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင်တော့ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်ကနေ သေဒဏ်အထိ ဖြစ်စေ ချမှတ်မယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားတာပါ။

မြန်မာအင်တာနက်ပရောဂျက်ကတော့ အဲဒီဥပဒေကြမ်းမှာ အင်တာနက်သုံးစွဲသူတွေအပေါ် ပိုမိုတင်းကြပ်စွာ စောင့်ကြည့်နိုင်တဲ့ စိုးရိမ်စရာပြဌာန်းချက်တွေ ပါဝင်နေတာ တွေ့ရတယ်လို့ ဒစ်ဂျစ်တယ်အခွင့်အရေးရှုထောင့်ကနေ သုံးသပ်ပြီး မေ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.