မော်လမြိုင်၊ ဇွန် ၃
လာမယ့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ လောင်းကစားမှု ပပျောက်ရေး အဆိုတင်သွင်းသွားဖို့ ရှိနေတယ်လို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။
ဒီအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က တင်သွင်းမှာ ဖြစ်ပါတယ်။
လောင်းကစားမှု ပပျောက်ရေး အဆိုဟာ ပြည်နယ်အတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ လောင်းကစားဝိုင်းတွေ အပြီးပိုင်ပိတ်သိမ်းဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအဆို အောင်မြင်သွားပါက စစ်အစိုးရရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းဖို့ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က တွေ့ဆုံမေးမြန်းခွင့်ရတဲ့ ဒေသခံ သုံးဦးကလည်း မွန်ပြည်နယ် လွှတ်တော်မှာ လောင်းကစားမှု ပပျောက်ရေး အဆိုတင်သွင်းမှုအပေါ် အပြည့်အဝ ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ ခိုးဆိုးလုယက်မှုအပါအဝင် မိသားစုအလိုက် စီးပွားပျက်တာ၊ ဒေသတွင်းရှိ လူငယ်တွေကအစ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို လာမယ့် ဇွန် ၉ ရက်နေ့မှာ စတင်ကျင်းပသွားမှာ ဖြစ်ပြီး ဒီအစည်းအဝေးမှာတော့ မေးခွန်း ၂၉ ခုနဲ့ အဆို လေးခု တင်သွင်းဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

