မြဝတီ၊ ဇွန် ၃

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေထဲက အွန်လိုင်းလိမ်လည်မှု လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ကျားဖြန့်အဆောက်အအုံ ၂၇ လုံး ဖြိုချဖျက်ဆီးလိုက်ပြီလို့ စစ်အစိုးရရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ရွှေကုက္ကိုလ်နယ်မြေထဲက ကျားဖြန့်အဆောက်အအုံတွေကို ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ကစလို့ စစ်အစိုးရက BGF အသွင်ပြောင်း ကရင်အမျိုးသားတပ် KNA ရဲ့ ခွင့်ပြုချက်နဲ့ ဖြိုချဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာပါ။

မေ ၂၅ ရက်နေ့ ဇွန် ၂ ရက်နေ့အထိ ၉ ရက်အတွင်း ကျားဖြန့်အဆောက်အအုံ ၂၇ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်သလို ကျန်ရှိတဲ့ ကျားဖြန့်အဆောက်အအုံ အလုံး ၅၀ ကိုလည်း ထပ်မံဖြိုချဖျက်ဆီးမှုတွေ လုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုတွေအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က အွန်လိုင်းလိမ်လည်မှု လောင်းကစားတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ မြေပြင်ကွင်းဆင်းတိုက်ဖျက်ကြဖို့ ညွှန်ကြားထားပါတယ်။

ရွှေကုက္ကိုလ်မြို့ဟာ ကရင်နယ်ခြားစောင့်တပ် BGF အသွင်ပြောင်း ကရင်အမျိုးသားတပ် KNA ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်နယ်မြေဖြစ်ပြီး ဒီကျားဖြန့်အဆောက်အအုံ ဖျက်ဆီးမှုဟာ အယောင်ပြ လုပ်ဆောင်တာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.