ရေး၊ ဇွန် ၄
မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသကို စစ်ကော်မရှင်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲသွား တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဇွန် ၃ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး လေးလုံး လာရောက်ကြဲချသွားတာပါ။
လေကြောင်းဗုံးကြဲခံရတာကြောင့် ရေးချောင်းဖျားဒေသနေ အသက် ၄၀ ကျော်အရွယ် ခြံလုပ်သား အမျိုးသား တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ်ပျက်စီးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လေကြောင်းဗုံးကြဲခံရတဲ့ ရေးချောင်းဖျားဒေသဟာ စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေဖြစ်ပြီး အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေလည်း အခြေချလှုပ်ရှားနေတာ ဖြစ်ပါတယ်။
နယ်မြေခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ဒီဗုံးကြဲမှုဟာ ရေးဘီလူးတပ်ဖွဲ့စခန်း ရှိနိုင်မယ့် နေရာကို စစ်တပ်က ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
စစ်တပ် လော်ဘီတွေကတော့ ရေးဘီလူးတပ်ဖွဲ့စခန်းကို တပ်မတော်က ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ရေးဘီလူးတပ်ဖွဲ့ဝင် အများအပြား သေဆုံးတယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲသွားတဲ့ စစ်တပ် လုပ်ရပ်ကို ကမ္ဘာက မမြင်တော့ဘူးလားလို့ သူရဲ့ လူမှုကွန်ရက်စာမျက်မှာ ဝေဖန်ရေးသားထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ရေးချောင်းဖျားဒေသရှိ ရေးဘီလူးတပ်ဖွဲ့စခန်းဌာနချုပ်ကို လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူး

