လောင်းလုံး၊ မေ ၃၀

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ တကျော့ပြန် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ကဒက်ကြီးကျေးရွာထဲ ရောက်ရှိလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ကျေးရွာအတွင်းရှိ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးကာ မီးရှို့ခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကဒက်ကြီးကျေးရွာက နှစ်ထပ်တိုက်နေအိမ် အပါအဝင် နေအိမ် ခြောက်လုံး မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်ပြီးမှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

အင်အားရာချီပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ် အောက်ဘက်ပိုင်းရှိ စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ ကြက်ယက်တွင်း၊ သပြေရှောင်နဲ့ ကဒက်ကြီးစတဲ့ ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် လှည့်လည် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.